Homeမြန်မာသတင်း
၂ ရက်အတွင်း မြို့ ၅ မြို့ အပူချိန်စံချိန်သစ်တင်၊ တနိုင်ငံလုံးတွင် ပျမ်းမျှအပူချိန်ထက်ပိုနေ
၂ ရက်အတွင်း မြို့ ၅ မြို့ အပူချိန်စံချိန်သစ်တင်၊ တနိုင်ငံလုံးတွင် ပျမ်းမျှအပူချိန်ထက်ပိုနေ
DVB
·
March 15, 2020
ဒီ ၂ ရက်အတွင်း မြို့ ၅ မြို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်တွေ တင်လိုက်ပြီး အမ်းမြို့ကတော့ ၂ ရက်ဆက်တိုက် စံချိန်သစ်ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့က မတ် ၁၃ ရက်မှာ အပူချိန် ၄၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိပြီး လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း အပူဆုံးဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉၊ မတ် ၂၆ ရက်မှာရှိခဲ့တဲ့ စံချိန်ကိုချိုးတာဖြစ်ပြီး ၄၀ ဒီဂရီစင်တီဂရိတ်ထက် ဒသမ ၅ တိုးလာတာပါ။
ဒီနေ့ မတ် ၁၅ ရက်မှာလည်း အမ်းမြို့မှာ အပူချိန်ထပ်တိုးခဲ့တာကြောင့် စံချိန်သစ်တင်လိုက်ပြန်ပြီး ရမ်ကလောင်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ခရမ်းမြို့တို့မှာလည်း စံချိန်သစ်တွေတင်ခဲ့ပါတယ်။
ဒါကြောင့် အမ်းမြို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်၊ ရမ်ကလောင်းမြို့က လွန်ခဲ့တဲ့ ၃၆ နှစ်အတွင်း အပူဆုံးအဖြစ် ၂၈ ဒီဂရီစင်တီဂရိတ်၊ ကျောက်တော်မြို့မှာ လွန်ခဲ့တဲ့ ၃၃ နှစ်အတွင်း အပူဆုံးအဖြစ် ၄၀ ဒီဂရီစင်တီဂရိတ်၊ မြောက်ဦးမြို့မှာ လွန်ခဲ့တဲ့ ၄၂ နှစ်အတွင်း အပူဆုံးအဖြစ် ၄၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ခရမ်းမြို့မှာ လွန်ခဲ့တဲ့ ၃၇ နှစ်အတွင်း အပူဆုံးအဖြစ် ၄၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ် ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တနိုင်ငံလုံးမှာ မတ်လမှာဖြစ်လေ့ရှိတဲ့ နေ့အပူချိန်တွေထက် ပိုများ နေခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၆ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှ အပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှ အပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပါတယ်။
ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်၊ မြင်းမူမြို့၊ ညောင်ဦးမြို့နဲ့ မကွေးမြို့တို့မှာ ၄၂ ဒီဂရီစင်တီဂရိတ်စီ၊ မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ တပ်ကုန်းမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နဲ့ အမ်းမြို့တို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ မတ်လနဲ့ ဧပြီလအတွင်း နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက် လာရာကနေ အပူပျံတက်တိမ်တွေဖြစ်ပြီး မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်နိုင်တယ်လို့ မိုးဇလကဆိုပါတယ်။
အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာတာတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
လေပြင်းတိုက်တဲ့အခါ မြေပြင် ရေပြင်လေသည် တနာရီမှာ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။