ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လီဗာပူးနည်းပြ၏ ရပ်တည်ချက်ကို WHO အကြီးအကဲ ချီးကျူး

twitter.com
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ “ခွန်အားဖြစ်စေမယ့် မက်ဆေ့ချ်တခု’ကို ကမ္ဘာကြီးထံ ချပြခဲ့တဲ့ လီဗာပူးနည်းပြရဲ့ လုပ်ရပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ အကြီးအကဲ တီဒရို့စ်အဒ်ဟာနွန် ဂီဘရီ ရီးဆက်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အောင်မြင်မှုကိုရရှိဖို့ ၆ မှတ်သာ လိုအပ်ပါတော့တယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းရမယ်ဆိုရင်တော့ ဒီအောင်မြင်မှုကို စွန့်လွှတ်ရဖို့ရှိနေပြီ ဖြစ်ပါတယ်။  ကလော့ပ်က လိဂ်ပွဲစဉ်တွေကို ခေတ္တရပ်နားမယ့် အစီအစဉ်ကို ထောက်ခံသွားခဲ့ကာ ကျန်းမာရေးအခြေအနေက ဘောလုံးအားကစားထက် ပိုပြီးအရေးပါတယ်လို့ ပြောပါတယ်။ “အရေးကြီးဆုံးအချက်က လူမှုပတ်ဝန်းကျင်အတွင်း တယောက်ကို တယောက် ကာကွယ်ပေးနိုင်ဖို့ ကျနော်တို့ လုပ်နိုင်သမျှ လုပ်ဆောင်ပေးသွားဖို့ လိုအပ်ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဧပြီ ၄ ရက်နေ့အထိ ရပ်နားကြောင်း ကြေညာချက်အပေါ် ထောက်ခံကြောင်း ပြောရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။  “အခုချိန်မှာ ဗိုင်းရပ်စ်ပြဿနာက ပထမဦးစားပေးပါ။ ကျနော် အရင်က ဘောလုံးဟာ တခြားအရေးကြီးတဲ့ အရာတွေထက် ပိုမိုအရေးကြီးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဘောလုံးအားကစားနဲ့ ဘောလုံးပြိုင်ပွဲတွေဟာ အရေးမကြီးတော့ပါဘူး။ ပွဲတွေကို ရပ်နားလိုက်ရတာတို့ ပရိသတ်မပါဘဲ ကစားရတာမျိုးကို ကျနော် လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာက အနည်းဆုံး လူတယောက်ကို ကာကွယ်ပေးနိုင်မယ်ဆိုရင် ဒီကိစ္စအပေါ် ဘာမှထပ်ပြီး မေးခွန်းထုတ်‌စရာ မလိုတော့ပါဘူး။ ဒါဟာ ဘောလုံးပြိုင်ပွဲတွေနဲ့ ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းရဲ့ ကောင်းမွန်မှုတို့နှစ်ခုကြားက ရွေးချယ်စရာပါ။ ဒါဟာ နှိုင်းယှဉ် ရွေးချယ်ရမယ့်အရာတွေ မဟုတ်ပါဘူး။” WHO အကြီးအကဲက ကလော့ပ်ရဲ့ ခံယူချက်သဘောထားအပေါ် သဘောကျ နှစ်သက်ခဲ့ပြီး အခုလိုမျိုး ကမ္ဘာကြီးကို ခွန်အားဖြစ်စေမယ့် မက်ဆေ့ချ်အတွက် ယာဂန်ကလော့ပ်နဲ့ လီဗာပူးအသင်းတို့ကို ကျေးဇူးတင်တယ်လို့ သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ “ပြည်သူ့ကျန်းမာရေးကို ရှေးရှုပြီး အန္တရာယ်တွေကို လျှော့ချကာ အားနည်းသူကို ကူညီပေးခြင်းက WHO ရဲ့လုပ်ထုံးလုပ်နည်းပါ။ ကျနော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် Covid-19 ဗိုင်းရပ်စ်ကို အောင်နိုင်မှာ ဖြစ်ပါတယ်။” ကလော့ပ်နဲ့ လီဗာပူးအသင်းတို့အပြင် WHO အကြီးအကဲက ဗိုင်းရပ်စ် ကူးစက်မှု လျှော့ချရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့ အားကစားဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တဦးချင်းစီတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up