ကံမမြို့တွင် ၁၀ တန်းလာဖြေသူ ကျောင်းသား ၁၃ ဦး အစာအဆိပ်သင့်
DVB
·
March 15, 2020
မကွေးတိုင်း၊ ကံမမြို့မှာ ၁၀ တန်းလာဖြေတဲ့ ကျောင်းသား ၁၃ ဦး အစာအဆိပ်သင့်ကာ ဆေးရုံတင်လိုက်ရပါတယ်။
မကွေးတိုင်း၊ ကံမမြို့နယ်၊ စစ္စရံကျေးရွာက အ.ထ.က ခွဲကနေ ကံမမြို့ကို တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့လာတဲ့ ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ စုစုပေါင်း ၂၈ ယောက် မတ် ၁၄ ရက်နေ့မှာ အစာအဆိပ်သင့်ပြီး ကံမမြို့နယ် ပြည့်သူ့ဆေးရုံကြီးကိုရောက်ရှိလာခဲ့တာပါ။
အဲ့ဒီထဲက အခြေအနေကောင်းသူတွေကို ပြန်ဆင်းခိုင်းလိုက်ပြီး ဆေးရုံမှာ ၁၃ ယောက်ပဲ စောင့်ကြည့်ဖို့ ကျန်နေသေးတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇော်ဝင်းထံက သိရပါတယ်။
ကလေးတွေ ခဏနေထိုင်တဲ့ ကွမ်းခြံ အမက ၄ ကျောင်းကို သွားပြီး အိမ်သာ၊ သူတို့သောက်သုံးတဲ့ ရေနဲ့ သားသောက်တဲ့ ဟာတွေကိုပါ သွားစစ်ဆေးကြည့်တဲ့အခါမှာ ပထမရက်က ကျန်တဲ့ဟင်းကို နွေးစားကြတဲ့အတွက် ဖြစ်တယ်လို့ ယူဆရကြောင်း ကံမ မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်က ပြောပါတယ်။
ဆေးရုံမှာ ဆက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်ပါက ဆေးရုံမှာ စာမေးပွဲဖြေဆိုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။