တနိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ဖြေဆိုသူ ၁၀ ဦးသာရှိ
DVB
·
March 15, 2020
မနေ့ မတ် ၁၄ ရက်က ကျင်းပတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စတုတ္ထနေ့ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို တနိုင်ငံလုံးမှာ ဖြေဆိုသူ ၁၀ ယောက် ရှိပါတယ်။
ကချင်နဲ့ ရခိုင်ပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တိုင်းတို့မှာ ဖြေဆိုကြတာဖြစ်ပြီး မန္တလေးက စာရင်းပေးထားသူတယောက်ကတော့ ပျက်ကွက်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ၅ ယောက်၊ မန္တလေးတိုင်းမှာ ၂ ယောက်၊ ရခိုင်ပြည်နယ်မှာ ၁ ယောက်နဲ့ ရန်ကုန်တိုင်းမှာ ၂ ယောက် ဖြေဆိုခဲ့တာပါ။
အခုဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ လာမဖြေကြသူ ၆ သောင်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူဦးရေဟာ ၉၇၁,၄၀၇ ယောက်ရှိပြီး ရန်ကုန်တိုင်းက ၁၃၅,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။
နိုင်ငံခြားစာစစ်ဌာနတွေအပါအဝင် မြန်မာတနိုင်ငံလုံးမှာ စာစစ်ဌာနပေါင်း ၁,၉၉၉ ခုရှိပြီး ရန်ကုန်ပြည်သူဆေးရုံကြီးစာစစ်ဌာနမှာ ၇ ယောက်၊ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ၉ ယောက်ရှိပြီး တနိုင်ငံလုံးမှာ ဆေးရုံစာဖြေသူ ၁၂၅ ယောက်ရှိပါတယ်။
အကျဉ်းထောင်နဲ့ အချုပ်ကျ စာဖြေသူ စုစုပေါင်း ၁၈၉ ယောက်ရှိပြီး တနိုင်ငံလုံးမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ အယောက် ၁၇၀၊ အမြင်အာရုံမသန်စွမ်းသူ အယောက် ၃၀ နဲ့ အကြားအာရုံ မသန်စွမ်းသူ ၂၂ ယောက် ဖြေဆိုနေကြပါတယ်။