Live
Home
မြန်မာသတင်း
တပ်ခြံစည်းရိုး ဖျက်ဆီးမှုဖြင့် ဆီဆိုင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်
DVB
·
March 14, 2020
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောက်ကျောကျေးရွာအုပ်စု ကောင်တရွိုးရွာမှာ တပ်ခြံစည်းရိုးကာထားတာကို ဒေသခံတွေ ဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်က အောင်ချမ်းသာအုပ်ချုပ်ရေးမှူးအား အမှုဖွင့်ထားတယ်လို့ ဆီဆိုင်မြို့မစခန်းမှူးက ပြောပါတယ်။ “ဖြစ်စဉ်ကတော့ စစ်တပ်ကာထားတဲ့ဟာကို ရိုက်ဖျက်လို့ပေါ့။ ဝန်ထမ်းတွေ တာဝန်နဲ့ ဆောင်ရွက်တဲ့ဟာကို နှောင့်ယှက်လို့ပေါ့။ အကျိုးဖျက်ဆီးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ ဖျက်ဆီးတဲ့အမှုနဲ့ ခေါင်းဆောင်ကို အမှုဖွင့်တာပါ၊ ရွာသားတွေလည်းပါတယ် နာမည်မသိသေးလို့ပါ” လို့ ဆီဆိုင်မြို့မစခန်းမှူး ဦးဇော်မင်းလွင်က ပြောပါတယ်။ အဲဒီလမ်းဟာ စစ်တပ်မရောက်လာခင်ကတည်းက တည်ရှိခဲ့တဲ့ လမ်းဖြစ်ပြီး တပ်မတော်က စည်းရိုးကာလိုက်တဲ့အတွက် သွားလာရေးအခက်အခဲ ကြုံနေရတဲ့အတွက် ဒေသခံရွာသား ၂၀ ကျော်က ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုတာကြောင့်  နောင်ကျောကျေးရွာ၊ ပင်စုံကျေးရွာ၊ မြကန်သာ စတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သွားရောက်ဖြေရှင်းပေးခဲ့တာလို့ အမှုဖွင့်ခံထားရတဲ့ အောင်ချမ်းသာအုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။ “တပ်နဲ့ပြည်သူကြားမှာ ကြီးမားတဲ့ ပဋိပက္ခမဖြစ်ပေါ်စေဖို့အတွက် အုပ်ချုပ်ရေးမှူး အနေနဲ့ သွားရောက်ဖြေရှင်းပေးတဲ့အနေထားဖြစ်တယ်။ ခြံစည်းရိုးဖျက်တာက ရွာသားတွေ၊ သူတို့လမ်းကို ပိတ်တော့ ရွာသားလည်း ဖျက်တာပေါ့။ ဖျက်တဲ့အချိန် တပ်ကတယောက်မှမရှိဘူး၊ သူတို့သိတဲ့ ကျနော်နဲ့ ဒေါ်ချိုဝင်းကို အမှုဖွင့်တာ” လို့ ပြောပါတယ်။ သွားရောက်ဖြေရှင်းပေး ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးထဲက တဦးသာ အမှုဖွင့်ခံရတာဖြစ်ပြီး ခုလို မမှန်မကန် အမှုဖွင့်တာကြောင့် ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက် တပ်မတော်ကို  အသရေဖျက်မှုနဲ့ ပြန်ပြီးတရားစွဲသွားမယ်လို့ ဦးစံဝင်းမောင်က ဆိုပါတယ်။ လက်ရှိမှာ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် နဲ့ မြေသိမ်းခံရတဲ့ တောင်သူ ဒေါ်ချိုဝင်းတို့ကို ခမရ ၄၂၄ က ပုဒ်မ ၃၅၃၊ ၄၂၉၊ ၄၂၇ တို့နဲ့ ဆီဆိုင်ရဲစခန်းမှာ အမှုဖွင့်ထားပြီး မတ်လ ၁၃ ရက်က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလမ်းဟာ တပ်သိမ်းမြေထဲ ပါရှိတဲ့အတွက် ခမရ ၄၂၃ တပ်ရင်းက ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှာ ခြံစည်းရိုးကာလိုက်တာလို့ သိရပါတယ်။ ခွန်ရာဇာ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024