ဘွန်ဒက်စ်လီဂါတွင် ကစားသမားတဦး ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရ

ပတ်ဒါဘွန်း ကစားသမား လူကာကိုင်လီယန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံးသော ဂျာမန်ဘွန်ဒက်စ်လီဂါ ကစားသမား ဖြစ်လာခဲ့တယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။  သူ့မှာ ဗိုင်းရပ်စ် ရှိနေတယ်လို့ မတ် ၁၃ ရက် သောကြာနေ့မှာ အတည်ပြုနိုင်ခဲ့ပြီး ဒီသီတင်းပတ်ကုန်မှာ ကစားဖို့စီစဉ်ထားတဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းလိုက်ပြီး မကြာခင်မှာတင် ဒီသတင်းထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ဂယက်ဟာ ဥရောပဘောလုံးလောကကို စတင်ရိုက်ခတ်လာပြီ ဖြစ်ပြီး အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာ၊ ချဲလ်ဆီးတိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းတို့လည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို အီတလီကလပ် ဆမ့်ဒိုးရီးယားအသင်းမှာ ကူးစက်ခံရတဲ့ ကစားသမား ၅ ဦးအထိ ရှိနေပြီး အဆိုးရွားဆုံး အနေအထားအဖြစ် သတ်မှတ်ခံထားရပါတယ်။ “ဗိုင်းရပ်စ် စစ်ဆေးခြင်းဆိုင်ရာ ကနဦး ဆောင်ရွက်ချက်တခုအနေနဲ့ သောကြာနေ့မှာ ကစားသမားတွေကို စစ်ဆေးခဲ့ပြီး ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ ပထမဆုံးဖြစ်ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်” လို့ အသင်းက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။  “နည်းပြချုပ် စတီဖင်ဘွန်းဂတ်ကို အောင်မြင်စွာ စစ်ဆေးခဲ့ပြီးချိန်မှာ ဗဟိုနောက်ခံလူ လူကာကိုင်လီယန်ဟာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သူဟာ ဒဏ်ရာအခြေအနေကြောင့် အသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရသူပါ။ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး စနေနေ့မှာ အသင်းက ကစားသမားတိုင်း၊ ဝန်ထမ်းတိုင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့လည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။  ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကိုင်လီယန်ဟာ အသက် ၂၀ အရွယ်သာ ရှိသေးပြီး သူဟာ ၂၀၁၉ ခုနှစ်ကမှ အသင်းကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပ ဘောလုံးပွဲတွေမှာ ရပ်နားမှုတွေ၊ ကွင်းပိတ် ကစားမှုတွေနဲ့ ရွှေ့ဆိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဂျာမနီ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားဖို့ အစောပိုင်းက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။  တာဝန်ရှိသူတွေဟာ သောကြာနေ့ ညနေမှာ ပြိုင်ပွဲကို ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီလုပ်ရပ်ကြောင့်လည်း ဝေဖန်မှုတချို့ ရှိခဲ့ပါသေးတယ်။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာယာက ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်မချနိုင်သေးတဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေကို လူမှုကွန်ရက်ကနေတဆင့် ဝေဖန်ခဲ့ပြီး “ဘောလုံးအားကစားထက် အရေးကြီးတဲ့ အရာများစွာ ရှိနေသေးတယ်” လို့လည်း ရေးသားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up