Live
Home
မြန်မာသတင်း
တပ်မတော်က တရားစွဲထားသည့် ကရင်နီတောင်သူများ ထောင်ဒဏ်ချမှတ်ခံရ
နော်နိုရင်း
·
March 14, 2020
မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ကယားပြည်နယ်က တောင်သူတွေရဲ့အမှုတွေကို ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ် တရားရုံးတွေမှာ အပြီးသတ် အမိန့်ချမှတ်လိုက်ပါတယ်။ လွိုင်ကော်အခြေစိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့က ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ခွန်းဘွယ်မူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်နဲ့ တရားစွဲခံရတဲ့ တောင်သူ ၁၉ ဦးတို့ကို လွိုင်ကော်မြို့နယ်တရားရုံးမှာ မတ် ၁၃ ရက်မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာပါ။ ဒီအထဲက တပ်မတော်က ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုထားတဲ့အမှုက တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦး အပါအဝင် လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာက တောင်သူလယ်သမား ၁၀ ဦးကိုတော့ ငွေဒဏ် ၂၀၀၀၀ ဒါမှမဟုတ် အလုပ်နဲ့ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီလို အမိန့်ချမှတ်မှုအပေါ် တရားစွဲဆိုခံရသူ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ခွန်းဘွယ်မူးက “သွားတာ ကျနော်တို့ သုံးယောက်တည်း မကဘူး၊ မြို့နယ်ထွေအုပ်လည်းပ ါတယ်။ ဆိုလိုတာက ကျနော်တို့ သုံးယောက်ကိုကျတော့ ပုဒ်မ ၄၄၇ နဲ့မြောက်တယ်။ သူ့ကိုကျတော့ မစွဲဘူးပေါ့နော်။ အဲဒီမှာ ရောက်တာချင်းအတူတူ အခုတင်ထားတဲ့ ပုဒ်မ ၄၄၇ က ကျနော်တို့အနေနဲ့ စစ်တပ်ရဲ့ ပိုင်နက်ထဲမှာဝင်ရောက်ပြီး ဖျက်ဆီးလိုကြောင်း၊ ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်ရောက်ခဲ့တယ်၊ ထွန်ယက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့ဟာက စွဲတင်ထားတယ်။ ဒီပေါ်မှာလည်း ဒီရက်က အမိန့်ချတာပေါ့။ ကျနော်တို့ကို အပြစ်ရှိတယ်လို့ ချလိုက်တာပေါ့။ ဒါကတော့ တရားမျှတမှုမရှိဘူးလို့ ကျနော်တို့ မြင်တယ်ပေါ့နော်”လို့ ပြောပါတယ်။ တရားစွဲဆိုခံရတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦး အပါအဝင် လွိုင်ကော်မြို့နယ်က တောင်သူ ၂၂ ဦးဟာ ပုဒ်မ ၄၄ရ၊ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၄၂၇၊ နဲ့ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) တို့နဲ့ အမှုတွဲသီးခြားစီ စွဲဆိုခံခဲ့ရတာပါ။  ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁)အမှုမှာ ဦးဦးရယ်၊ ဦးကိုရယ်စိုးညွန့်နဲ့ ဦးရှားရယ်တို့က တရားစွဲဆိုခံထားရတာ ဖြစ်ပြီး ဒီအမှုမှာ ဦးကိုရယ်စိုးညွန့်ဟာ ကယားပြည်နယ်လွှတ်တော်ရဲ့ တာဝန်ပေးချက်အရ အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်ရှိခဲ့လို့ အမှုကနေ လွတ်မြောက်ခဲ့ပါတယ်။  ဦးဦးရယ်နဲ့ ဦးရှားရယ်ကတော့ ပြစ်မှုထင်ရှားတယ်လို့ဆိုပြီး တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်ချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နုတ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။  သူတို့ရဲ့ ရှေ့နေ ဦးသန်းထိုက်အောင်က “ဒီအမိန့်ချမှတ်လိုက်တဲ့အပေါ်မှာ ဒီ ၆(၁) နဲ့ဆိုလို့ရှိရင် တရားခံ သုံးယောက်မှာ တယောက်ကတော့ လုံးဝ အပြီးအပြတ် လွတ်တယ်ပေါ့နော်။ နှစ်ယောက်ကတော့ ထောင်ဒဏ်  ခြောက်လစီဆိုတော့ သူက တောင်သူတွေကို ငဲ့ညှာသောအားဖြင့် ချုပ်ရက်နဲ့ ဖြတ်ပေးတဲ့သဘော သက်ရောက်တယ်ပေါ့နော်။ သူက ပြစ်ဒဏ်က အမြင့်ဆုံး ၇ နှစ်အထိ ရှိတယ်ပေါ့နော်။ ဒီအမှုတွဲ သက်သေအထောက်အထားတွေအရကလည်း ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေက အားလုံးက သူတို့ပါဆိုတာကို ညွှန်းပြနေသလိုမျိုး ဖြစ်နေတယ်။ ကွင်းဆက်မပြတ်ကို ရှိနေတယ်လေ။ အဓိက သူတို့ အခင်းဖြစ်တဲ့နေရာမှာ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာမှာ live လွှင့်လိုက်တဲ့ကိစ္စမှာ ဒီထဲမှာပါတဲ့လူတွေကို သက်သေအထောက်အထားအနေနဲ့ ခိုင်လုံအောင် လုပ်ပေးသလိုမျိုး ဖြစ်နေတယ်။ ” တောင်သူ ၂၂ ဦးကို စွဲထားတဲ့ အမှု ၅ မှုရှိပြီး ပုဒ်မ  ၄၄၇ နဲ့စွဲဆိုခံရတာက ၃ မှု၊ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၄၂၇ က ၁ မှုနဲ့  ပုဒ်မ ၆(၁) အရ ၁ မှု ရှိပါတယ်။  ဒီအမှုတွဲ ၅ ခုစလုံးမှာ ပါဝင်တရားစွဲဆိုခံရသူ ဦးဦးရယ်ကိုတော့ အမှုတခုစီတိုင်းမှာ ငွေဒဏ် တသောင်း၊ နှစ်သောင်းနဲ့ ထောင်ဒဏ်ချလ ချမှတ်ခံဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။  “အမှုက အများဆုံးလည်း ဖြစ်တယ်။ ၅ မှုလို့သာ ပြောတယ်။ တကယ်တမ်း ပုဒ်မက ၇ ခု ဖြစ်နေတယ်။ ၇ ခုစလုံးလည်း မလွတ်ဘူး ဖြစ်နေတယ်။ ငွေဒဏ်က ၁ သောင်းက နှစ်မှု၊ နှစ်သောင်းက ၄ မှု ၁ သိန်းပေါ့။ နောက်ပြီးတော့ ၆(၁)က  အနည်းဆုံးထောင်ဒဏ် ၆ လပေါ့။ ထောင်ထဲမှာနေပြီးပြီဆိုတော့ ထုတ်နုတ်ခံစားခွင့်ရတာပေါ့” တရားစွဲဆို ထောင်ချခံခဲ့ရတဲ့ ဦးဦးရယ်က ပြောပါတယ်။ လယ်မြေသိမ်းခံရသလို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေပါ ကျခံခဲ့ရလို့ မိသားစုအတွက် များစွာ ထိခိုက်နစ်နာခဲ့ရတယ်လို့လည်း  ဦးဦးရယ်က ပြောပါတယ်။ “ကျနော်တို့ တောင်သူလယ်သမားဆိုတာက ကိုယ့်တောင်ယာ၊ ကိုယ့်လယ်ယာကိုပဲ မှီခိုအားကိုး စိုက်ပျိုးကြရတာပေါ့။ အဲဒါပဲ မှီခိုအားကိုးပြီး လုပ်ကိုင်စားသောက်ကြတယ်။ သားသမီး ပညာရေး၊ လူမှုရေး၊ ဘာသာရေး စသဖြင့် အကုန်လုံး အဲဒါပဲ မှီခိုရတယ်၊ အခု ဒါလည်း သိမ်းခံရတယ်။ အဲဒီကိစ္စကြောင့်လည်း ထောင်ကျခံရတယ်။ ဒဏ်ငွေဆောင်ရတယ်။ တရားရင်ဆိုင်ရတာ အကြာကြီးပဲပေါ့။ အခုဆိုရင် ၉ လတောင်ကြာခဲ့ပြီပေါ့။ ဒီကုန်ဆုံးသွားတဲ့ အချိန်တို့၊ ခံစားရတဲ့ဒုက္ခအားလုံး ကျနော်တို့ရယ် ကျနော်တို့မိသားစုနဲ့ပတ်သက်တဲ့ မိသားစု တောင်သူတွေအားလုံး စိတ်ဒဏ်ရာတခုပါ။ ကျနော်တို့ရဲ့မိသားစု ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အကုန်လုံး ထိခိုက်ကုန်တယ်။ ” အလားတူ အမြောက်တပ်  ၃၆၀ က တရားစွဲဆိုထားတဲ့ ဒီးမော့ဆိုမြို့နယ်က တောင်သူ ၁၉ ဦးကိုလည်း ဒီနေ့အပြီးသတ် စီရင်ချက်ချမှတ်ရာမှာ ချုပ်ရက်က ထောင်ဒဏ်ထက်ပိုများနေလို့  တရားရင်ဆိုင်နေရတဲ့ တောင်သူ အားလုံး ပြန်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။  သူတို့ကို ပုဒ်မ ၆(၁) နဲ့ ထောင်ဒဏ် ၆ လကျခံဖို့ တရားသူကြီးက စီရင်ချက်ချလိုက်တာဖြစ်ပြီး ချုပ်ရက်ကို ထုတ်နုတ်ကျခံစေတဲ့အတွက် ဒီကနေ့ လွတ်မြောက်ပြီဖြစ်ပါတယ်။  ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီက “တရားရုံးကနေ ဘယ်လိုပဲ အမိန့်ချနေပါစေ၊ ဒီမြေက စစ်တပ်မြေ မဟုတ်ဘူး။ တရားစွဲခံရတဲ့ တောင်သူတွေရဲ့မြေ ဆိုတာကိုတော့ ကျနော်တို့က အမြဲတမ်း လက်ခံထားတယ်။ ဒီလိုပဲ ကျနော်တို့ အမြဲတမ်း ပြောနေမှာပါ။ အခုချိန်မှာ ကျနော်တို့ သွားလို့မရဘူး၊ ခြံတွေ ခတ်သွားပြီ။ သူတို့အာဏာရှိတုန်း နည်းအမျိုးမျိုးနဲ့ ဘယ်လိုပဲ သိမ်းပိုက်နေပါစေ၊ ဒီမြေက စစ်တပ်ရဲ့မြေမဟုတ်ဘဲ တောင်သူတွေရဲ့မြေပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၅ ရက်နေ့က ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လွိုင်ကော်မြို့လယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူတာကို ကန့်ကွက်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကရင်နီလူငယ် ၆ ဦးနဲ့ နဲ့တွေ့ဆုံပြီး လူငယ်တွေကဘက်က လက်ရှိ ကယားပြည်နယ်အတွင်း မြေယာ အငြင်းပွားမှုကိစ္စတွေ၊ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေရဲ့ အရေး၊ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ လူငယ်တွေရဲ့အရေးကိစ္စတွေကို  တင်ပြခဲ့ပါတယ်။ ဒီလို တင်ပြဆွေးနွေးတဲ့အပေါ် မြေယာကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တောင်သူတွေ တရားစွဲခံရတာနဲ့ပတ်သက်လို့ တောင်သူတွေ ထောင်ထဲမှာရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းကူညီပေးမယ်၊ ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာအောင်သူကိုလည်း တာဝန်ပေးထားတယ်၊ ရှေ့နေရုံးချုပ်နဲ့ တိုင်ပင်ပြီး ဒီကိစ္စကို နေပြည်တော်မှာ ပြန်ရောက်တဲ့အချိန် အမြန်ဆုံးဖြေရှင်းဖို့အတွက် လုပ်သွားမယ်ဆိုပြီး ကတိပေးပြောဆိုခဲ့ပါတယ်။  ဒီနောက်ပိုင်း တောင်သူတွေအရေး တရားရုံးတွေမှာ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ရှိပြီးနောက် တောင်သူတွေကို ဒီကနေ့ အပြီးသတ် စီရင်ချက်ချမှတ်တာလည်း ဖြစ်ပါတယ်။  ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်း ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူ ပေါင်း ၄၁ ဦးရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024