COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီဖွဲ့စည်း
စိုးမိုးအောင်
·
March 13, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော်မတီကို နိုင်ငံတော်သမ္မတရုံးကနေ မတ်လ၁၃ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၀နဲ့ထုတ်ပြန်လိုက်တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌဖြစ်သလို အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မှာပါ။
ရောဂါ အကျိုးသက်ရောက်မှု ကြီးမားလာရင် ပြည်တွင်းအသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေထုတ်ပေးနိုင်ရေးတွေလည်း ကော်မတီရဲ့လုပ်ငန်းတွေမှာပါဝင်ပါတယ်။
ကော်မတီရဲ့လုပ်ငန်းတာဝန်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြောင့်ဖြစ်ပေါ်လာမယ့် ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းကျဆင်းလာတဲ့အပေါ် အရေးပေါ်စီမံဆောင်ရွက်မယ့် နည်းလမ်းတွေ၊ ကာလတို ကာလရှည်ဆောင်ရွက်မယ့်နည်းလမ်းတွေကို ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တုံ့ပြန်ဆောင်ရွက်မယ့် နည်းလမ်းတွေရေးဆွဲဖို့ ပါဝင်ပါတယ်။
ဒါ့အပြင်စက်ရုံရပ်နားလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့အလုပ်သမားတွေကို အလုပ်အကိုင်အသစ် ဖော်ဆောင်ပေးဖို့ လုပ်သားတွေအတွက် သက်မွေးဝမ်းကြောင်းပညာတွေ သင်ကြားပေးဖို့၊ အနာဂတ်မှာCOVID-19 ရောဂါထပ်ပေါ်လာနိုင်လို့ CMP လုပ်ငန်းတွေရဲ့ကုန်ကြမ်းရရှိမှုကို တရုတ်တနိုင်ငံထဲ မီှခို နေရမယ့်အစား တခြားနိုင်ငံတွေက ကုန်ကြမ်းပစ္စည်းတွေ မျှဝေရယူနိုင်ရေးဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။
COVID-19 ရပ်စ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက် မြန်မာအစိုးရက Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ခေါင်းဆောင်ပြီး နိုင်ငံတော် သမ္မတက ဖွဲ့စည်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ကျော်လွှားနိုင်အောင် အမျိုးသားအဆင့်ကော်မတီဖွဲ့စည်းဖို့ အစိုးရကိုအကြံပြုတင်ပြထားတယ်လို့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း စီးပွားရေးရိုက်ခတ်မှုတွေရှိလာပါတယ်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အနေနဲ့ စီးပွားရေးရိုက်ခတ်လာမှုကိုဖြေရှင်းဖို့ နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးလူမှုရေးထိခိုက်လာမယ့်အပေါ် ပုဂ္ဂလိကကိုယ်စားလှယ်တွေပါဝင်တဲ့ အမျိုးသားအဆင့်ကော်မတီတရပ်ဖွဲ့စည်းကို အစိုးရကို အကြံပြုထားတာပါ။
နိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေါ်လာဈေးကျဆင်းမှုကိုလည်း ပြန်လည် ထိန်းသိမ်းခဲ့တာကြောင့် ဈေးကွက်အပေါ် အတိုင်းအတာတခုအထိ သက်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်က ဆိုပါတယ်။
သွင်းကုန်ထုတ်ကုန်အပိုင်းမှာ ငွေဈေးနှုန်းအရမ်းကွာဟမသွားအောင် ထိန်းနိုင်ရင် လက်ရှိ လုပ်ငန်းတွေအပေါ် ထိခိုက်မှုနည်းနိုင်ပြီး ဈေးကွက်ဝယ်လိုအားပုံမှန်ပြန်ဖြစ်လာဖို့ အချိန်လိုအပ်သလို အသင်းချုပ်အနေနဲ့ နေ့စဉ်ပြဿနာတွေဖြေရှင်းဖို့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။