ကိုရိုနာဗိုင်းရပ်စ်ကို အခွင့်ကောင်းယူပြီး ဈေးတင်ရောင်းပါက အရေးယူမည်
စိုးမိုးအောင်
·
March 13, 2020
လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ဖြစ်ပေါ်နေတဲ့အချိန်မှာ ဈေးသည်တွေအနေနဲ့ အခွင့်ကောင်းယူပြီး ဝိသမလောဘနဲ့ မရောင်းချဖို့နဲ့ ရောင်းချတာတွေ့ရင် ထိထိရောက်ရောက်အရေးယူမယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
မတ်လ ၁၃ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက သတိပေးပြောကြားလိုက်တာပါ။
မနေ့ညက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်လာပြီး ရန်ကုန်ရှိ ဈေးဝယ်စင်တာတွေမှာ လူတွေအများအပြား တိုးကြိတ်ဝယ်ယူတာတွေ ရှိခဲ့ပါတယ်။
မတ်လ ၁၃ ရက် ဒီနေ့မနက်ကလည်း ဈေးတွေမှာ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်စတဲ့ စားသောက်ကုန်တွေကို ပြည်သူတွေအကြား ဝယ်ယူစုဆောင်းမှုတွေများပြားနေပါတယ်။ အခုလိုဝယ်ယူမှုတွေကြောင့် ဈေးကွက်အတွင်းမှာ ဆေးဝါးတွေနဲ့ စားသုံးကုန်တွေ ပစ္စည်းတချို့ကို စီးပွားရေးသမားတွေက ဈေးနှုန်းမြှင့်တင်မှုတွေလည်းရှိခဲ့ပါတယ်။