အမရပူရမြို့နယ်တွင် ဆီဘောက်ဆာကား မီးလောင်ပြီး ယာဉ်မောင်း ၁ ဦးသေဆုံး
Aung Aung Naing
·
March 13, 2020
မန္တလေးတိုင်း၊ အမရပူရမြို့နယ် စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်း၊ ကံဘဲ့ကျေးရွာ အေးချောလေး ကုမ္ပဏီဝင်းအတွင်းမှာ မတ်လ ၁၂ ရက် ညနေပိုင်းက ဆီဘောက်ဆာမီးလောင်လို့ ယာဉ်မောင်းအမျိုးသား ၁ ဦး သေဆုံးသွားပါတယ်။
အခုလို မီးလောင်မှုဖြစ်ပွားရာနေရာကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦ ခေါင်းဆောင်ပြီး အုပ်ချုပ်ရေးယာဉ် ၂ စီး၊ သန္ဓေ ၇၀ ဦး၊ အရံ ၃၀ ဦး၊ မီးသတ်ယာဉ် ၁၀ စီးနဲ့အတူ Level 1 အဖြစ်သတ်မှတ်မီးငြှိမ်းသတ်ခဲ့ပါတယ်။
ဆီဘောက်ဆာကား ယာဉ်မောင်းသူ စိုးသီဟကတော့ မီးလောင်ရာမှာ သေဆုံးခဲ့ပါတယ်။ အခုလိုမီးလောင်ခဲ့တာကြောင့် ဆီဂါလံ ၇၀၀ မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် ကျပ်သိန်း ၂၈ သိန်းဖိုးဆုံးရှုံးပြီး ယာဉ်မောင်းသူသေဆုံးခဲ့တာကြောင့် အေးချောလေးကုမ္ပဏီတာဝန်ခံ ဦးဖုန်းမြင့်ကြည်ကို အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၂၈၅/၃၀၄ က အမှုရေးဖွင့်အရေးယူထားပါတယ်။