ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကန့်သတ်ချက်အသစ်များ အီတလီ ထပ်ဖြည့်

Reuters
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး ကန့်သတ်ချက်အသစ်တွေကို အီတလီဝန်ကြီးချုပ် ဂျိုးဇက်ပေ ကွန်တေက မတ် ၁၁ ရက်မှာ ထပ်ဖြည့်လိုက်ပါတယ်။ ကိန်းဂဏန်းတွေအရ အီတလီဟာ ကူးစက်မှုစကတည်းက နေ့စဉ် လူသေဆုံးမှု အမြင့်ဆုံးအဖြစ် ရပ်တည်နေတာပါ။ စူပါမားကတ်တွေ၊ စားသောက်ကုန် အရောင်းဆိုင်တွေ၊ ဆေးဆိုင်တွေကလွဲလို့ ဆိုင်အားလုံး ပိတ်ထားဖို့နဲ့ ကုမ္ပဏီတွေကလည်း ကုန်ထုတ်လုပ်မှုအတွက် မရှိမဖြစ်မဟုတ်တဲ့ ဌာနအားလုံး ပိတ်ထားဖို့ နိုင်ငံကိုပြောတဲ့ ရုပ်သံမိန့်ခွန်းအတွင်း ဝန်ကြီးချုပ်က ပြောပါတယ်။  ကန့်သတ်ချက် အသစ်ထဲမှာ ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေလည်း ပိတ်ရမှာဖြစ်ပြီး အရက်ဆိုင်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေလည်း ဖောက်သည် တယောက်နဲ့ တယောက်ကြား အနည်းဆုံး ၁ မီတာ အကွာအဝေးရှိဖို့ အာမခံနိုင်တာ မဟုတ်ရင် ပိတ်ထားရမှာပါ။ လာမယ့် သီတင်းပတ် ၂ ပတ်အတွင်း ခုလို ကြီးမားတဲ့ အားထုတ်မှုရဲ့ သက်ရောက်မှုကို မြင်နိုင်မှာပါလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲထိ အတည်ပြုချက်အရ အီတလီနိုင်ငံထဲမှာ ကိုရိုနာ ကူးစက်ခံ လူနာ ၁၂၄၆၂ ယောက် ရှိပြီး ကူးစက်ခံ လူနာ ၈၂၇ ယောက် သေဆုံးခဲ့တာကြောင့် တရုတ်နိုင်ငံပြင်ပ ကူးစက်ခံနဲ့ သေဆုံးလူနာ အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up