Home
မြန်မာသတင်း
အန်အယ်လ်ဒီမဲအရေအတွက် လျော့နည်းနေမှု အမှားအယွင်းတခုခုကြောင့်ဖြစ်နိုင်ဟု လွှတ်တော်ကော်မတီဝင်ပြော  
နေဖြိုးဝင်း
·
March 11, 2020
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(ဂ) ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လျှို့ဝှက်မဲပေးခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေရဲ့ မဲအရေအတွက် လျော့နည်းနေတာဟာ အမှားအယွင်းတခုခုကြောင့် ဖြစ်နိုင်တယ်လို့ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို  အတည်ပြုဖို့ ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၁၀ ရက်နေ့က စတင်ပြီး ၉ ရက်ကြာ မဲခွဲဆုံးဖြတ်နေတာဖြစ်ပါတယ်။  ဒီလိုစတင်ဆုံးဖြတ်တဲ့နေ့မှာပဲ ပုဒ်မ ၄၃၆(က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မ ၄၀ (ဂ)ကို အတည်ပြုဖို့ မဲထည့်တဲ့ နေရာမှာ အန်အယ်လ်ဒီ ပါဝင်တွေရဲ့ မဲအရေအတွက် နည်းနေတာနဲ့ပတ်သက်လို့ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက အခုလို ပြောတာပါ။ “၄၀(ဂ)နဲ့ ပတ်သက်ပြီးတော့ ၃၄၃ ပဲ ရတယ်ပေါ့။ အန်အယ်လ်ဒီ မဲပေးခွင့်ရှိသူပေါင်း ၃၈၀ ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၈၀ ရှိတဲ့အနက်မှာ ၃၄၃ မဲရတယ် ကျန်တဲ့ အချို့မဲလေးတွေ ပျောက်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ကတော့ ပထမဆုံး မဲပေးတဲ့နေ့မှာ အမှားအယွင်းတစ်ခုခုကြောင့်သာဖြစ်မယ်လို့ ယူဆပါတယ်။ မဲစစ်ဆေးတဲ့သူတွေရဲ့ ပြောကြားချက်အရ တချို့ဆို အလယ်ခေါင်စာမျက်နှာမှာဆို လုံးဝကျော်ထွက်သွားတာမျိုးတွေ လည်းတွေ့ရသလို တချို့နေရာတွေမှာ ပယ်မဲဖြစ်သွားတာတွေလည်း အများကြီးဖြစ်ပေါ်တာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီလိုပဲဖြစ်တယ်လို့ ယူဆပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ တော့ အားလုံးဟာ မိမိတို့တင်ထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး စည်းစည်းလုံးလုံးနဲ့ တစုတဝေးထဲ ပေးခဲ့ခြင်းပဲဖြစ်ပါတယ် ” လို့ ဒေါက်တာလှမိုးက ပြောပါတယ်။ ပုဒ်မ ၄၀(ဂ)ဟာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စတဲ့ အဓမ္မနည်းနဲ့ရယူဖို့ ဆောင်ရွက်တာ၊ ကြိုးပမ်းအားထုတ်တာတွေကြောင့် ပြည်ထောင်စု ပြိုကွဲစေမယ့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာ လက်လွတ် ဆုံးရှုံးစေမယ့် အရေးပေါ်အခြေအနေပေါ်ပေါက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ ရယူသုံးစွဲခွင့်ရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီပုဒ်မကို အန်အယ်လ်ဒီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို လျော့ချပြီး အပေါ်အခြေအနေပေါ်ပေါက်ရင် ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်အာဏာကို နိုင်ငံတော်သမ္မတကဦးဆောင်ပြီး တာဝန်ယူဆောင်ရွက်နိုင်မယ့် အစီအစဉ် တစ်ရပ်ကို အတည်ပြုဆုံးဖြတ်ဆောင်ရွက်ရမယ်လို့ ပြင်ဆင်ချက်တင်သွင်းတာဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ ပုဒ်မကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ ၃၄၃ မဲသာရရှိခဲ့ပြီး ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့တာပါ။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း တက်ရောက်တဲ့ ကိုယ်စားလှယ် ၆၃၃ ဦးရှိပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ် နှစ်ဦးအပါဝင် ပျက်ကွက်တဲ့ ကိုယ်စားလှယ် ၂၁ ဦး ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024