တိုက်ပွဲကြောင့် ဆန်ပြတ်လပ်နေသည့် ပလက်ဝဒေသခံများအတွက် ဆန်လှူဒါန်းမည်
DVB
·
March 11, 2020
တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝဒေသမှာ ကုန်သွယ်ရေးလမ်းပိတ်နေပြီး ဒေသခံတွေ ဆန်ပြတ်လပ်နေတဲ့အတွက် ကလေးဒေသရှိ အရပ်ဖက်အဖွဲ့အစည်းတွေက ဆန်အိတ် ၁၀၀ လှူဒါန်းဖို့ စီစဉ်နေပါတယ်။
ကလေးမြို့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၊ ကလေးမြို့ဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ ချင်းတိုင်းရင်းသားတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ဆန်အိတ် ၁၀၀ လှူဒါန်းဖို့ ကလေးမြို့ရှိ တီးတိန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင်ရှင်းထန်ရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့မတ်လ ၈ ရက်ကစပြီး အလှူခံဌာန ဖွင့်လှစ်ခဲ့ပါတယ်။
ကလေးဒေသခံလူငယ် ကိုကြည်ရအောင်က “ခုလို ကူညီလှူဒါန်းဖို့ တောင်ပေါ်ကားလိုင်းက ကိုသန်းနိုင်ကတဆင့် ပလက်၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ချင်းအမျိုးသားနေ့မှာ ချိတ်ဆက်မိပြီး စစ်ဘေးသင့်ပြည်သူ တွေကိုကူညီဖို့ ဖြစ်လာတာ” လို့ ပြောပါတယ်။
ကလေးဒေသကနေ ဆန်တင်ပို့ဖို့အတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး အနည်းဆုံး ဆန်အိတ် ၁၅၀ လောက် လှူဒါန်းနိုင်ဖို့ လျာထားတယ်လို့လည်းသိရပါတယ်။
ကလေးမြို့ခံ ၈၈ မျိုးဆက်အဖွဲ့၀င်တဦးက “ကျနော်တို့တတွေဟာ လူမျိုးကွဲပေမယ့် လူဆိုတာတော့ အတူတူပါပဲ။ တနိုင်ငံထဲသားတွေ ဒုက္ခရောက်တာကို ကျနော်တို့ကူညီရတာ ကုသိုလ်ရပါတယ်။ ဘယ်သူပဲ ချင်း၊ ဗမာ ခွဲနေနေ ကျနော်တို့အချင်းချင်း လူကို လူလို့ မြင်နေဖို့ပဲ လိုတယ်” လို့ ပြောပါတယ်။
ကလေးမြို့က အလှူခံရရှိတဲ့ ဆန်တွေကို ပလက်၀အထိ သွားရောက်ဖို့ မဖြစ်နိုင်တာကြောင့် အနီးဆုံးနေရာအထိ ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပြီး ပလက်၀မှာ ဆန်ဈေး တအိတ်ကို တစ်သိန်းထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
သတင်း- မင်းရဲစစ်နိုင်