ခြေ/ဥ ကို ဆန္ဒစောပြီး ဇွတ်ပြင်ပါက အန္တရာယ်ရှိမည်ဟု ဝန်ကြီးဟောင်းသတိပေး

သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးစိုးမောင်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒစောပြီး ဇွတ်ပြင်ရင် အန္တရာယ်ရှိလာလိမ့်မယ်လို့ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးစိုးမောင်က ပြောပါတယ်။ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မပြင်ရဘူးဆိုတာမရှိဘူး။ ပြင်ဆင်ဖို့အတွက်လဲ ပြင်ဆင်ဖို့ နည်းလမ်းတွေ ထည့်ပေးထားတာရှိတယ်။ အချိန်တော့ နည်းနည်းစောင့်ပေးပါ ဆန္ဒစောပြီးပြင်ရင်တော့ နည်းနည်းလေး ပြဿနာတွေရှိနိုင်တယ်လို့ ကျနော် အရင်လည်း သတိပေးထားပါတယ်။ တချို့ အသေးအမွှားလေးတွေတော့ ပြင်လို့ရပါတယ်။ အရေးကြီးတဲ့ အပိုင်းတွေက အချိန်စောင့်ပေးပါ။ အချိန်ကျလာရင် ပြင်လို့ရပါလိမ့်မယ်။ ဇွတ်ပြင်တော့ အန္တရာယ်ရှိလာလိမ့်မယ်”လို့ ဦးစိုးမောင်က ပြောပါတယ်။ ဦးစိုးမောင် အပါအဝင် အငြိမ်းစား ဗိုလ်ချုပ်တွေ စုစည်းပြီးတော့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို တည်ထောင်ထားပါတယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ခွဲပေါင်း ၁၄ ခုကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခဲ့တာဖြစ်ပြီး အဲ့ဒီပြင်ဆင်ချက်တွေထဲ ပုဒ်မ ၂ ခုသာ တည်ပြုနိုင်ခဲ့ပါတယ်။ ဒီကနေ့က စတင်ပြီး ပြင်ဆင်နေတဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး တပ်မတော်က တင်သွင်းတဲ့ ပြင်ဆင်ချက်တွေအပေါ် ထောက်ခံဝန်ရံဖို့အတွက် အမျိုးသားရေးတက်ကြွလှုပ် ရှားသူတွေကလည်း နေပြည်တော်ကို ရောက်လာကြပါတယ်။ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဇော်ဝိတ် က “ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခုလာတာသည် တပ်မတော်ဘက်ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့တင်ပြချက်တွေကို အဓိက အခန်း ၁၂ နဲ့ အညီ ပြင်ဆင်ဖို့ တပ်မတော်တောင်းဆိုတဲ့ အချက်တွေ အဲ့ဒီအပေါ်တွေမှာ ကျနော်တို့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီအနေနဲ့ ထောက်ခံနေတာပါ”လို့ ပြောပါတယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဆရာတော်တွေ အပါအဝင် အင်အား ၁၅၀ ကျော်လောက် ရောက်ရှိလာတာဖြစ်ပြီး လာမယ့် မတ်လ ၁၂ မှာတော့ လွှတ်တော်အတွင်း ဝင်ရောက်လေ့လာဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up