မလှိုင်မြို့နယ်တွင် တရက်တည်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား
DVB
·
March 10, 2020
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ မတ်လ ၉ ရက် တရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး အဆောက်အအုံ ၈လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ မလှိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ထန်းပင်ကန်ရွာမှာ လူကြီးမိဘတွေ မရှိခိုက် အသက် ၁၃ နှစ်အရွယ်ကလေးငယ် မောင်ဖိုးချစ်က မီးခြစ်နဲ့ ထန်းရွက်ပုံကို ဆော့ကစားရာက မီးလောင်တာဖြစ်ပြီး လူနေ ၂ ထပ်အိမ် ၁လုံး ကြက်သွန်ဂိုထောင် ၂ ထပ်အဆောက်အဦ ၁လုံးနဲ့ မီးဖိုနဲ့ နွားစာထားတဲ့ အဆောက်အအုံတွေ မီးလောင်သွားခဲ့ပါတယ်။
မြို့နယ်မီးသတ်ဦးစီး ဦးဇေယျာအောင်က "ခြောက်သွေ့တဲ့ရာသီ ရောက်လာပြီ မီးကို ဂရုစိုက် ကြပါ။ ထန်းပင်ကန်ရွာမှာ ကလေးတဦးက ထန်းရွက်တွေကို မီးခြစ်နဲ့ဆော့ရာက အဆောက်အအုံ ၄ လုံး မီးလောင်သွားတယ်၊ ခန့်မှန်းတန်ဖိုး ၃ သိန်းကျော် ဆုံးရှုံးပါတယ်။ ကျောက်တန်းရွာမှာလည်း ခြင်ဆေးခွေကို အိမ်ထရံအနီး ထွန်းထားပြီး အိပ်စက်ရာက မီးလောင်တယ် အဆောက်အအုံ ၄ လုံး မီးလောင်တယ်၊ ခန့်မှန်းတန်ဖိုး ကျပ် ခြောက်သောင်းကျော် ဆုံးရှုံးတယ်" လို့ ပြောပါတယ်။
အလားတူ ကျောက်တန်းရွာမှာလည်း အဖွားဖြစ်သူနာရေးကို လာရောက်တဲ့ ဒေါ်အေးသန်း(၃၈နှစ်)ဟာ ခြင်ဆေးခွေ ထွန်းပြီး အိပ်ရာက ထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
အဲဒီမီးလောင်တဲ့နေရ အနီးမှာ ဦးပေါက်စီ ပိုင်ဆိုင်တဲ့ နွားစာပြောင်းရိုး တင်း၃၀နဲ့ နွားစာသိုလှောင်တဲ့ အဆောက်အအုံ ၁လုံး၊ ဒေါ်တင်ကြည်ရဲ့ အဆောက်အဦ ၁လုံး၊ ဦးလုံးရဲ့ အဆောက်အဦ ၁လုံး စုစုပေါင်း အဆောက်အအုံ ၄လုံး မီလောင်သွားပါတယ်။
မလှိုင်မြို့မရဲစခန်းမှာ ဒေါ်အေးသန်းနဲ့ မောင်ဖိုးချစ် တို့ကို မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း