ဆီးရီးယား ဒုက္ခသည်သန်းချီ လက်ခံရန် အီးယူကို တူရကီ အကူအညီတောင်းခံ

John Thys/Pool via REUTERS
ဆီးရီးယားစစ်ပွဲမှာ ထောက်ခံမှုရရှိဖို့နဲ့ ဆီးရီးယားဒုက္ခသည် သန်းချီလက်ခံဖို့အတွက် တူရကီသမ္မတ တေယစ်အာဒိုဝမ်က မတ် ၉ ရက်နေ့က ဥရောပသမဂ္ဂ (အီးယူ) အကူအညီကို တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံကို ဝင်ရောက်မယ့် ရွှေ့ပြောင်းဒုက္ခသည်တွေအပေါ် အားပေးအားမြှောက် လုပ်တာကို တူရကီအနေနဲ့ အရင်ဆုံး ရပ်တန့်ရမယ်လို့  အီးယူက သမ္မတအာဒိုဝမ်ကို ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ဂရိနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂရိနဲ့ တူရကီအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒါကြောင့် တူရကီသမ္မတ အာဒိုဝမ်က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့က ဥရောပသမဂ္ဂ ရုံးချုပ်ကို သွားရောက် အကူအညီတောင်းခံခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ ဥရောပသမဂ္ဂနဲ့ လုပ်ထားတဲ့ သဘောတူညီချက်အရ ဆီးရီးယား ဒုက္ခသည်တွေအတွက် ယူရိုငွေ ဘီလီယံချီရရှိဖို့ တူရကီဟာ ဒုက္ခသည် ၃ ဒသမ ၆ သန်းကို လက်ခံထားပါတယ်။ ဒါပေမဲ့ ဆီးရီးယားစစ်ပွဲမှာ တူရကီဟာ ရုရှား ကျောထောက်နောက်ခံပေးတဲ့ အစိုးရ တပ်တွေကို ရင်ဆိုင်နေရပြီး တူရကီတပ်ဖွဲ့ဝင် အကျအဆုံး များလာနေပါတယ်။ ဒါ့အပြင် ဆီးရီးယားစစ်ပွဲမှာ ဥရောပနိုင်ငံတွေရဲ့ ထောက်ခံမှု မရရှိတာနဲ့ပတ်သက်လို့ တူရကီဟာ စိတ်ပျက်ဒေါသဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up