Home
သတင်းဓာတ်ပုံ
သီတဂူရေအလှူတော်အတွက် နေစွမ်းအင်သုံးမည့်အပေါ် ဗိုလ်ချုပ်မှူးကြီးချီးကျူး
DVB
·
March 10, 2020
သီတဂူရေအလှူတော်ကို ပုံမှန်လျှပ်စစ်ဓာတ်အားမသုံးပဲ အစားထိုးအနေနဲ့ နေစွမ်းအင်သုံးဆိုလာစနစ်လုပ်မယ့်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူး ပြောဆိုလိုက်ပါတယ်။   စစ်ကိုင်းမြို့ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီးမှာ မတ်လ ၉ ရက်နေ့က ဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ပြုလုပ်ရာမှာ ပြောကြားခဲ့တာပါ။ သီတဂူရေအလှူတော်အနေနဲ့ အရင်က တစ်လကို မီတာခ ကျပ်သိန်း ၁၀၀ကျော် သာကျခဲ့ပေမယ့် လျှပ်စစ်မီတာခတက်ပြီးတဲ့နောက်မှာ တစ်လကို ကျပ်သိန်း  ၃၀၀ ကျော်ထိရှိခဲ့ပါတယ်။  အဲ့ဒီအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့က လှူဒါန်းခဲ့တာ သိန်း ၄၇၀၀ ကျော်ရှိပြီး ပုံမှန်ဓာတ်အား အစားထိုးအနေနဲ့ နေစွမ်းအင်သုံးဆိုလာစနစ် လုပ်မယ့်အပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျုးဂုဏ်ပြု စကား ပြောဆိုသွားတာပါ။  အခုအခါ သီတဂူရေအလှူတော်အတွက် ပြည့်စုံသလောက်ရှိပြီဖြစ်တဲ့အတွက် စစ်ကိုင်းတောင်ရိုးက ချောင်တွေသာမက မင်းကွန်းတောင်ရိုးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကိုပါ ရေပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။  စက်ရုံရေကန်နဲ့ ရေတင်ဖို့ ပိုက်တွေကို သီတဂူအဖွဲ့က လုပ်ပေးမှာဖြစ်ပြီး မကြာခင်မှာ ဆာဗေးတိုင်းတာတွက်ချက်တာလုပ်မယ်လို့ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ က မိန့်ကြားပါတယ်။ စစ်ကိုင်းတောင်ရိုးဟာ အရင်က သောက်သုံးရေအခက်အခဲဖြစ်ပြီး အခုအခါမှာ သီတဂူရေအလှူတော်ကနေ ချောင်ပေါင်း ၄၀၀ ကျော်နဲ့ သံဃာတော် သီလရှင်ဆရာလေး ယောဂီ စုစုပေါင်း ၁၆၈၅၀ ကျော်အတွက် ရေအလုံအလောက်ပေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။  သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရရဲ့ သက်တော် ၈၃ နှစ်ပြည့် မွေးနေ့ ပူဇာပွဲကို မတ် ၈ မှ စတင်ကာ သုံးရက်ကြာ ကျင်းပနေရာ မတ် ၉ ရက်နေ့မှာ သီတဂူဆရာတော်ရဲ့ မွေးနေ့အလှူပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာတာဖြစ်ပါတယ်။ စစ်ကိုင်းတောင်ရိုး ရေပေးဝေနိုင်ရေး တည်ဆောက်ထားတဲ့ သီတဂူ ရေအလှူတော် စက်ရုံအမှတ်-၁ (ထုံးဘို) ဖွင့်ပွဲကိုလည်း တက်ရောက်ပါတယ်။ မတ် ၈ ရက်မှာတော့ သံဃာအပါး ၁၀၀၀၊ မတ် ၉ ရက်မှာ သီလရှင် အပါး ၁၀၀၀၊ မတ် ၁၀ ရက်မှာ သံဃာအပါး ၁၀၀၀ တို့ကို ဆွမ်းနဲ့ လှူဖွယ်တွေ လောင်းလှူပါတယ်။ သတင်း - နိုင်လင်းဦး Photo - Saw Yan Pai / MPA 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024