မန်ချက်စတာ ဒါဘီ ရှုံးပွဲကြောင့် နည်းပြဘဝ မှတ်တမ်းဆိုးတခုရသွားသည့် ဂွါဒီယိုလာ

912
မန်ချက်စတာဒါဘီမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ နည်းပြသက်တမ်းတလျှောက် တရာသီအတွင်း ရှုံးပွဲအများဆုံးဆိုတဲ့ စံချိန်တခုကိုလည်း ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီအတွင်း ရှုံးပွဲ ၇ ပွဲ ရှိခဲ့ပြီဖြစ်ကာ ဒီအခြေအနေမျိုးကို ဂွါဒီယိုလာဟာ သူ့အသင်းဟောင်း နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာမှာရော၊ ဘိုင်ယန်မြူးနစ် အသင်းမှာပါ ပိုင်ဆိုင်ခဲ့ဖူးခြင်း မရှိပါဘူး။
မနေ့ညက ကန်သွားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ဒါဘီပွဲမှာ ဂွါဒီယိုလာရဲ့အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် ဂိုးသမား အီဒါဆင်ရဲ့ အမှားနှစ်ခုကနေ ဂိုး နှစ်ဂိုး ပေးခဲ့ရကာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ရတာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်ရှိခဲ့ပေမယ့် မန်စီးတီး အသင်းသားတွေကတော့ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်သာ ရှိပါတယ်။
ဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့မှုကြောင့် မန်ချက်စတာယူနိုက်တက်ဟာ မန်စီးတီးကို ပရီးမီးယားလိဂ် နှစ်ကျော့လုံး အနိုင်ရရှိခဲ့ပြီး ဒီလိုမျိုး အခြေအနေကို နောက်ဆုံး ဖန်တီးနိုင်ခဲ့တာ ဆာအဲလက်စ်ဖာဂူဆန် လက်ထက် ၂၀၀၉-၂၀၁၀ ရာသီမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားရဲ့အသင်းဟာ ဂွါဒီယိုလာ ကိုင်တဲ့အသင်းတသင်းသင်းကို တစ်ရာသီအတွင်း နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ တတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ပထမအသင်းက ကွန်တီလက်ထက် ချဲလ်ဆီးအသင်း ဖြစ်ပြီး ၂၀၁၆-၁၇ ရာသီမှာ မန်စီးတီးကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့ပါတယ်။
ဒုတိယအသင်း ဝုဗ်အသင်းဖြစ်ပြီး ဒီရာသီမှာပဲ အဲဒီစံချိန်ကို ရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း မန်စီးတီးကို အနိုင်ရရှိခဲ့ပါတယ်။
ဒါကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ တရာသီအတွင်း ဂွါဒီယိုလာ ကိုင်တဲ့ အသင်းတသင်းကို သုံးကြိမ် ဆက်တိုက်နိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပထမတသင်းကတော့ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းဖြစ်ပြီး ၂၀၁၇-၁၈ ရာသီမှာ ဂွါဒီယိုလာရဲ့အသင်းကို သုံးကြိမ်ဆက်တိုက် အလဲထိုးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းတို့အကြား ရမှတ်ကွာဟမှုဟာ ပိုမိုများခဲ့ပြီး လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ နောက်ထပ် ၆ မှတ်ရရှိရုံနဲ့တင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနှစ်ပွဲထဲကတပွဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးဟာ မတ် ၁၆ ရက်မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာတင် ဖလားကို သိမ်းပိုက်နိုင်ဖို့ ရှိနေပါတယ်။