ဒေါ်လာဈေးကျပြီး ပြည်ပပို့ကုန် ပဲစျေးနှုန်း ကျဆင်းနေ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဂယက်ကြောင့် အမေရိကန်ဒေါ်လာနဲ့ တရုတ်ယွမ်ငွေ တန်ဖိုး ကျဆင်းနေသလို  မြန်မာနိုင်ငံကနေ ပြည်ပကို အဓိကတင်ပို့နေတဲ့ ပဲစျေးနှုန်းတွေလည်း ကျဆင်းလာနေပါတယ်။ လက်ရှိ ပြည်တွင်းစျေးကွက်အတွင်းမှာ မတ်ပဲ၊ ပဲစင်းငုံစျေးနှုန်းတွေအပြင် တရုတ် အဓိကဝယ်ယူနေတဲ့  ပဲတီစိမ်း၊ ပဲရင်းနဲ့ ပဲကြီးစျေးနှုန်းတွေက သိသိသာသာ ကျဆင်းလာတာလို့ မန္တလေးကုန်စည်ဒိုင်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောပါတယ်။ ဒါ့အပြင် မြေပဲ၊ နှမ်းနဲ့ ကုလားပဲ စျေးနှုန်းတွေလည်း ကျဆင်းနေတယ်လို့ သိရပါတယ်။ မန္တလေးစျေးကွက်မှာ တရုတ် အဓိကဝယ်ယူနေတဲ့ ပဲတီစိမ်းကတော့ တပတ်အတွင်း ၃ တင်း တအိတ်ကို ကျပ် ၅၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ ပဲရင်းနဲ့ ပဲကြီးစျေးနှုန်းတွေကတော့ တပတ်အတွင်း ၃ တင်း တအိတ်ကို ကျပ် ၁၀၀၀၀  ဝန်းကျင် စျေးကျဆင်းခဲ့တာပါ။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲက လက်ရှိ တတန်ကို ကျပ် ၈၆၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး တပတ်အတွင်း ကျပ် ၅၀၀၀၀  လောက်အထိ ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံကလည်း တတန်ကို ကျပ် ၆၀၀၀၀၀ ကျော်စျေးရှိပြီး၊ တပတ်အတွင်းကို ကျပ် ၅၀၀၀၀ ဝန်းကျင် စျေးကျဆင်းခဲ့တာပါ။ မတ်လ ၉ ရက် နိုင်ငံခြားငွေလဲလှယ်နှုန်းကတော့ ပြင်ပပေါက်ဈေး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၅၀ လောက်ရှိပါတယ်။ တပတ်အတွင်းမှာ ဒေါ်လာဈေးက မြန်မာငွေနဲ့ လဲလှယ်ရာမှာ တဒေါ်လာ ကျပ် ၁၀၀ နီးပါး ကျဆင်းခဲ့တာပါ။ တရုတ်ယွမ်ငွေကတော့ ၁ ယွမ်ကို မြန်မာကျပ် ၁၉၄ ဒသမ ၅၄ ဈေးပေါက်ပြီး၊ တပတ်အတွင်းကို ၉ ဒသမ ၈၁ ကျပ်ဝန်းကျင် စျေးကျဆင်းခဲ့တာပါ။ ပြည်ပပို့ကုန်အားလုံးဟာ နိုင်ငံခြားငွေလဲနှုန်းအပေါ်မှာ မူတည်ဆောင်ရွက်ရတာ ဖြစ်တာကြောင့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်ဖို့ လိုအပ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။   လက်ရှိ ကောက်ပဲသီးနှံပေါ်ချိန်မှာ နိုင်ငံခြားငွေလဲနှုန်းတွေ  ကျဆင်းနေတာကြောင့် ပဲမျိုးစုံရဲ့ စျေးနှုန်းတွေလည်း လိုက်ပါကျဆင်းနေပြီး တောင်သူတွေရော ကုန်သည်တွေပါ ထိခိုက်နစ်နာနေကြပါတယ်။  ဒါကြောင့် ကိုရိုနာဂယက်ကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေ  ရုတ်တရက် ထိုးကျလာတာကို ထိန်းချုပ်ပေးဖို့ ပို့ကုန်လုပ်ငန်းရှင်တွေက အစိုးရကို တောင်းဆိုနေကြပါတယ်။ စိုးချစ်ချစ်ပိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up