ထိုင်းတွင် အကျဉ်းကျနေသည့် မြန်မာ ၃၀၀၀ ကျော် လွတ်မြောက်ရေး ကြိုးစားနေ
DVB
·
March 19, 2013
တရားဝင် စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ ကြိုးစားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
မတ် ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဲဒီ မြန်မာအကျဉ်းသားတွေကိစ္စနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်မေးတာကို သူက ခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရအနေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကို တရားဝင် တင်ပြထားပြီး အဲဒီကမှတဆင့် ထိုင်းတရားရေးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ကနေ တဆင့် တော်ဝင်နန်းတော်ကို ဆက်ပြီးတင်ပြဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ဒီဇင်ဘာ ၅ ရက်မှာ ကျရောက်တဲ့ ဘုရင့်မွေးနေ့နဲ့ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ မိဖုရားမွေးနေ့တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးလေ့ရှိတာမို့ အဲဒီ အချိန်တွေမှာ လွတ်မြောက်လာအောင် မြန်မာအစိုးရက ကြိုးစားနေတာ ဖြစ်တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။