Email This Story :
ဒီနှစ်နွေရာသီမှာ အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် လေ့လာရေးယာဉ်ငယ်ရဲ့အမည်သစ်ကို Perseverance ဇွဲလုံ့လလို့ ပေးထားပါတယ်။
မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီနာမည်ကို မူကြိုကနေ ၁၂ တန်းအထိ ကျောင်း သားပေါင်း နှစ်သောင်းရှစ်ထောင်ကျော် ပါဝင်ယှဉ်ပြိုင်တဲ့ တနိုင်ငံလုံးအဆင့် ပြိုင်ပွဲကနေ ရွေးချယ်ထားတာပါ။
ဒီနာမည်ကို Lake Braddock အထက်တန်းကျောင်းမှ ခုနစ်တန်းကျောင်းသား အဲလက်စ်မတ်သာက ရွေးပေးခဲ့တာဖြစ်ပြီး၊ သူဒီလို နာမည်ပေးရခြင်းအကြောင်းကို ရေးထားတဲ့ စာတိုလေးကိုလည်း ဖတ်ပြခဲ့ပါတယ်။
ဒီအင်္ဂါဂြိုဟ် လေ့လာရေးယာဉ်သစ် perseverance ကို လာမယ့်ဇူလိုင် ၁၇ ရက်နေ့မှာ ကိပ်ကာနာဗာရယ် လေတပ်အခြေစိုက်စခန်းကနေ ဒုံးကျည်နဲ့ လွှတ်တင်သွားမှာပါ။
ယာဉ်ငယ်ဟာ အာကာသအတွင်း ဂြိုဟ်တခုနဲ့တခုကြား ခုနစ်လခန့် လေ့လာစူးစမ်းမှုတွေ လုပ်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ မှာ အင်္ဂါဂြိုဟ် ချိုင့်ကြီးပေါ် ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။
အစီအစဉ် အောင်မြင်ခဲ့ရင် ဒါဟာ နာဆာရဲ့ ရှစ်ကြိမ်မြောက် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်နိုင်တာနဲ့ ဂြိုဟ်ပေါ်မှာ ငါးကြိမ်မြောက် စူးစမ်းရှာဖွေမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။