ရခိုင်နှင့်ပလက်ဝတွင် ဓာတုဗုံးအသုံးပြုကြောင်း အေအေစွပ်စွဲချက် တပ်မတော်ပယ်ချ
ဝဏ္ဏခွာညို
·
March 8, 2020
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝတိုက်ပွဲတွေမှာ ဓာတုဓာတ်ငွေ့ပါ ဗုံးတွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အေအေရဲ့ စွပ်စွဲပြောကြားချက်ကို တပ်မတော်က ပယ်ချလိုက်ပါတယ်။
မတ်လ ၇ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ရသေ့တောင်နဲ့ အမ်းမြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးချောင်းရွာတိုက်ပွဲတွေအတွင်း လေကြောင်းပစ်ခတ်မှုတွေမှာ ဓာတုဓာတ်ငွေ့ပါ ဗုံးတွေ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ရက္ခိုင်တပ်မတော် အေအေပြောခွင့်ရ ခိုင်သုခက စွပ်စွဲပြောဆိုခဲ့တာပါ။
“ပလက်ဝ မီးချောင်းမှာ လေယာဉ်ကနေပြီးတော့ ပစ်တာရှိတယ်။ ပလက်ဝနဲ့ ကျောက်တော်မြို့နယ်မှာဆိုရင် ပြင်းထန်တဲ့ မီးလောင်းဗုံးတွေချတယ်။ နောက်တနေရာကတော့ အမ်းနဲ့မြေပုံမြို့နယ်အစမှာ အတွဲလိုက်ဒုံးတွေ၊ ဂျက်တိုက် လေယာဉ်တွေနဲ့ ပစ်တာရှိတယ်။ အဲ့ဒီဗုံးချတဲ့ ကျေးရွာတွေမှာ ကလေးတချို့နဲ့ လူ့တချို့ နှာခေါင်းကနေ သွေးယိုတာတွေ၊ နားစည်တွေကနေပြီးတော့ သွေးယိုသွေးထွက်တာတွေဖြစ်တယ်။ အဲ့ဒါကြောင့်မို့ မနေ့က ချတဲ့ဗုံးက ဓာတုဓာတ်ငွေ့တခုခု ပါတယ်ဆိုတာ သုံးသပ်တာရှိတယ်။”
ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးချောင်းကျေးရွာအနီး လက်နက်တွေနဲ့ ပစ်ကူပေးနေတဲ့ ဗျူးဟာကုန်းကနေ မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်တာနဲ့ စက်သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၄ ရက်က တပ်မတော်က လေကြောင်းပစ်ခတ်တာတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဗွီဟူးရွာသစ်ကျေးရွာက နေအိမ် ၄ လုံး မီးလောင်သွားပြီး ရွာသား ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကျောက်တော်မြို့ကို ထွက်ပြေးလာကြတဲ့ ဗွီဟူးရွာသစ်ကျေးရွာသားတွေက ပြောပါတယ်။
အေအေအဖွဲ့အနေနဲ့ စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် အခုလို စွပ်စွဲပြောဆိုနေတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“တပ်မတော်မှာ ဓာတ်တုလက်နက်နဲ့ပတ်သက်လို့ ထုတ်လည်းမထုတ်ဘူး၊ ရှိလည်း မရှိဘူး။ ရှိဖို့လည်း မရည်ရွယ်ပါဘူး။ သူတို့(အေအေ)တင်မကပါဘူး၊ ကျန်တဲ့သူတွေလည်း သူတို့အရေး နိမ့်လာပြီဆို စွပ်စွဲနေကျပါပဲ။”
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရက္ခိုင့်တပ်တော်အေအေတိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရသူ ၄၀၀ လောက်ရှိလာနေပြီ ဖြစ်ပါတယ်။