ခွေးများ အနီအောက်ရောင်ခြည်အာရုံခံကိရိယာသုံး၍ အပူကို ရှာဖွေထောက်လှမ်းနိုင်
DVB
·
March 8, 2020
ခွေးတွေဟာ နှာခေါင်းမှာ သဘာဝအလျောက်ရှိနေတဲ့ အနီအောက်ရောင်ခြည်အာရုံခံကိရိယာကိုသုံးပြီး အပူကို ရှာဖွေထောက်လှမ်းနိုင်တယ်လို့ သုတေသနတရပ်က ဆိုပါတယ်။
အသစ်တွေ့ရှိတဲ့ သုတေသတနတရပ်အရ ခွေးတွေရဲ့ နှာခေါင်းထိပ်မှာ အနီအောက်ရောင်ခြည်အာရုံခံကိရိယာ တမျိုးပါရှိတယ်လို့ သိရပါတယ်။
အဲဒီအရာက သူတို့အနီးဝန်းကျင်မှာ တခြားတိရစ္ဆာန်တွေရှိတာမျိုး၊ အပူချိန် အပြောင်းအလဲတွေကို ထောက်လှမ်းသိရှိစေတယ်လို့ သုတေသနဆောင်းပါးရှင် အန်နာဘာလင့်က ပြောပါတယ်။
“သူတို့တွေ အေးတဲ့ အရာထက် ပိုနွေးတဲ့ အရာကို ထိတွေတဲ့အခါမှာ သူတို့ဦးနှောက်မှာ ပိုမိုသက်ဝင်လှုပ်ရှားမှု ရှိမလားဆိုတာကို ကျမတို့ စမ်းသပ်ခဲ့ပါတယ်။”
Nature သုတေသန အဖွဲ့က ထုတ်ပြန်တဲ့ ဂျာနယ်မှာ ခွေးတကောင်ရဲ့နှာခေါင်းထိပ်က အကာအရံမဲ့ စိုစွတ်တဲ့မျက်နှာပြင်ဟာ အနီအောက်ရောင်ခြည် အာရုံခံကိရိယာလို အလုပ်လုပ်နိုင်တဲ့ အာရုံကြောတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။
“ခွေးတွေရဲ့ အပူရောင်ခြည် အာရုံခံနိုင်စွမ်းကို နှစ်ပေါင်းထောင်ချီပြီး မျက်စိမှောက် မတွေ့ခဲ့တာပါ။ ဒီအချက်ဟာ သူတို့ သားကောင်ရှာဖွေနိုင်စွမ်းနဲ့ သူတို့အပြုအမူဆိုင်ရာ မေးခွန်းတွေ၊ သူတို့ရဲ့ အာရုံခံ ပညာရပ်အပေါ် ပြန်စဉ်းစားမိစေပါတယ်” လို့ အန်နာ ဘာလင့်က ရှင်းပြပါတယ်။
ဒီတွေ့ရှိချက်ဟာ သားရဲတွေက သားကောင်တွေကို ဘယ်လိုထောက်လှမ်းသိရှိလဲဆိုတာကို ပိုမိုနားလည်စေမယ်လို့ ဆွီဒင် လုဒ်တက္ကသိုလ်နဲ့ ဟန်ဂေရီ အယ်အို တီဗို့စ်လောရန် တက္ကသိုလ် သိပ္ပံပညာရှင်တွေက ပြောကြားပါတယ်။
သိပ္ပံပညာရှင်တွေ စမ်းသပ်သုတေသနပြုတဲ့ ခွေးတွေမှာ ဂိုးဒင်းရီထရီဗာနဲ့ ဘော်ဒါ-ကော်လီ အမျိုးအစားတွေ ပါဝင်တယ်လို့ သိရပါတယ်။