ဩစတြေးလျတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ
DVB
·
March 19, 2013
မတ် ၁၈ ရက်နေ့က ဩစတြေးလျနိုင်ငံ မြို့တော် ကင်ဘာရာကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ကို ဩစတြေးလျရောက် ကချင်တိုင်းရင်းသားတွေနဲ့ တခြား တိုင်းရင်းသားတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကင်ဘာရာမြို့တော်မှာရှိတဲ့ ဩစတြေးလျ ဘုရင်ခံချုပ်နေအိမ်နဲ့ ပါလီမန် အဆောက်အဦတို့ရှေ့မှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်တို့က တောင်ဆိုချက် ၇ ချက်နဲ့အတူ သမ္မတ ဦးသိန်းစိန်ကို ၂ ကြိမ် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေ၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်မှု ချက်ခြင်း ရပ်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး ရရှိရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့တာပါ။
သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ဩစတြေးလျနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အသိအမှတ် ပြုတဲ့အနေနဲ့ ဩစတြေးလျဘက်က စစ်သံမှူးနဲ့ ကုန်သွယ်ရေး ကော်မရှင်နာတယောက် စေလွှတ်ဖို့လည်း ရှိနေပါတယ်။
ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ ဩစတြေးလျရဲ့ အကူအညီတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးအထိ တိုးမြှင့်သွားမယ်လို့လည်း ၀န်ကြီးချုပ် ဂျုလီယာဂါးလက်က ပြောဆိုသွားပါတယ်။