မြောက်ဦးတွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်၊ အရပ်သား ၄ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 8, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွေးတံတားနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ မတ် ၈ ရက်နေ့ မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မြောင်းဘွေးကျေးရွာနားက ဘူးတလုံးကျေးရွာသား ၃ ဦးနဲ့ မြောင်ဘွေတံတားဆောက်လုပ်ရေးခွင်မှာ အလုပ်လုပ်ကိုင်နေသူ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘူးတလုံးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်သာညွန့်က ပြောပါတယ်။
“ဘူးတလုံးကျေးရွာက မွတ်စလင် ၃ ယောက်ဒဏ်ရာရပါတယ်။ ရခိုင် တယောက် တယောက်ဒဏ်ရာရတယ်။ ဘူးတလုံး ကျေးရွာအမျိုးသမီးတယောက်ဆိုရင် ခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်သွားတယ်။ အခြေအနေစိုးရိမ်ရတယ်။ တိုက်ပွဲဖြစ်တာက နှစ်ကြိမ်ဖြစ်တယ်။ မနက်အစောကြီး ၃ နာရီကျော် လောက်မှာ တကြိမ်ဖြစ်တယ်၊ ၇ နာရီလောက်မှာ တကြိမ်ဖြစ်တယ်။”
အဲ့ဒီတိုက်ပွဲတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဘူးတလုံးကျေးရွာနားက ကောက်ရိုးပုံ ၄ ခု မီးလောင်သွားသလို နွားသုံးကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြောင်းဘွေကျေးရွာနေ အမည်မဖော်လိုသူတဦးက “တပ်မတော်စစ်ကြောင်းက ကျနော်တို့မြောင်ဘွေးကျေးရွာနားကို ရောက်လာတယ်။ ဒီမနက်ပိုင်း ၃ နာရီလောက်စစ်ကြောင်း ထွက်သွားတယ်ထင်တယ်။ အဲ့ဒီမှာ တိုက်ပွဲဖြစ်ကြတာပါ။ တိုက်ပွဲမဖြစ်ခင်မှာ ပေါက်ကွဲသံ တချက်ကြားလိုက်သေးတယ်။ အဲ့ဒီနောက်မှတော့ တိုက်ပွဲဖြစ်ကြတာ။ ရွာတံတားနားမှာ ဖြစ်ကြတာ” လို့ ပြောပါတယ်။
ဘူးတလုံးကျေးရွာက ဒဏ်ရာရရှိခဲ့သူတွေကတော့ ရောတီခါ (အသက် ၁၇ နှစ်)က ခြေထောက်ဒဏ်ရာတချက်၊ ချောင်ချူးဟာလောင် အသက် ၅ နှစ်က ဦးခေါင်းဒဏ်ရာတချက်၊ ဒေါ်အာချောင်အသက် ၃၀ က ဦးခေါင်းဒဏ်ရာတချက်နဲ့ မြောင်ဘွေးတံတားဆောက်လုပ်ရေးခွင်မှာအလုပ်နေတဲ့ ဦးညွန်လှိုင် အသက် ၃၇ နှစ်ကတော့ ခါးနဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ အေအေပြောခွင့်ရ ခိုင်သုခတို့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။