ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ဆရာဝန်တဦးကို ကန်တော်နဒီဆေးရုံတင်ပို့ထား
DVB
·
March 8, 2020
မန္တလေးအထွေထွေရောကုဆေးရုံကြီးက ဆရာဝန်တဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ တင်ပို့ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ရောက်ရှိလာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၅) နှစ် အရွယ် အမျိုးသားကို စစ်ဆေးပေးခဲ့တဲ့ ဆရာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာဝန်မှာ ဖျားတာဖြစ်ပြီး ဝက်လက်လူနာရဲ့ အဖြေမရသေးတဲ့အချိန်မှာ စိတ်ချရဖို့ စောင့်ကြည့်တာလို့ မန္တလေးဆေးရုံကြီးမှ ဒုဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောပါတယ်။
ဝက်လက်မြို့နယ်က လူနာဟာ တရုတ်နိုင်ငံကနေ မတ်လ ၅ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ဖျားတာ၊ ချောင်းဆိုးတာ စတဲ့ လက္ခဏာတွေခံစားခဲ့ရတာကြောင့် မတ်လ ၆ ရက်နေ့ မှာ ဝက်လက်မြို့နယ်ဆေးရုံသို့ ပြသခဲ့ပြီးနောက် မန္တလေးကန်တော်နဒီဆေးရုံကို ရောက်ရှိလာတာပါ။
အခုလက်ရှိ မန္တလေးကန်တော်နဒီဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုနေရသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။
နိုင်လင်းဦး