Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် အမျိုးသမီးလူနာ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးမှ ထွက်ပြေ
ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် အမျိုးသမီးလူနာ ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးမှ ထွက်ပြေ
DVB
·
March 8, 2020
တရုတ်နိုင်ငံ ရွှေလီမြို့ကနေပြန်လာတဲ့ အမျိုးသမီးတဦးကို ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားဖို့ ပြင်ဆင်ရာမှ မတ် ၇ ရက်နေ့ မွန်းလွဲနှစ်နာရီခွဲအချိန်က ထွက်ပြေးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ပြောပါတယ်။
ထွက်ပြေးသွားသူဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အပိုင်း ၃ မှာ နေထိုင်သူ ၂၅ နှစ်အရွယ်အမျိုးသမီး ဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ မှတ်တမ်းများအရ သိရပါတယ်။
သူဟာ ဖေဖော်ဝါရီ ၂၄ ရက်ကမှ တရုတ်နိုင်ငံရွှေလီမြို့ကနေ ဖားကန့်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး မတ် ၇ ရက်နေ့က ညာဘက်နံရိုးအောက်နာတာကြောင့် ဖားကန့်မြို့ မရှီက ထောင်ရပ်ကွက်မှာ ရှိတဲ့ မြဝတ်ရည် ပုဂ္ဂလိက ဆေးရုံမှာ သွားရောက်ကုသခဲ့ပြီး ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့တယ်လို့ ဖားကန့်မြို့ ထွေအုပ်ရုံးက ဆိုပါတယ်။
ဖားကန့်မြို့ ပြည်သူ့ဆေးရုံတာဝန်ရှိသူတွေ ရောက်ရှိလာတဲ့ သူမအား စစ်ဆေးရာ ကိုရိုနာဗိုင်းရပ်နဲ့ဆက်စပ်တဲ့ ရောဂါလက္ခဏာ မတွေ့ရှိရဘူးလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို အကြောင်းကြားခဲ့တယ်လို့လည်း ထွေအုပ်ရုံးက ဆိုပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာမတွေ့ရပေမဲ့ စောင့်ကြည့်လူနာအဖြစ် ထားရှိဖို့ ပြင်ဆင်နေစဉ် သူမဟာ ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်း နံပါတ်ကို ပေးထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ဆေးရုံမှာ ဆရာဝန်ကြီးက အားလုံးစစ်ဆေးပြီးပြီ။ ဘာရောဂါလက္ခဏာမှ မရှိဘူး။ ဒါပေမဲ့ ရွှေလီက ပြန်လာတဲ့သူဆိုတော့ စောင့်တော့ကြည့်ရမယ်ဆိုပြီး သီးသန့်ခန်း ပြင်ဆင်နေချိန်မှာ ထွက်ပြေးသွားတယ်လို့ ပြောတာပဲဗျ" လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ်။
ထွက်ပြေးသွားတဲ့ အမျိုးသမီးကို တွေ့ရှိဖို့ ဖားကန့်မြို့နယ်အတွင်းက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ ဦးဉာဏ်လင်းအောင်က ဆိုပါတယ်။
လူမှုကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ "ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပြီ" လို့ သတင်းတွေ မဟုတ်မမှန်ရေးသားဖြန့်ဝေနေတာ မဟုတ်မှန်ကြောင်း၊ ကောလာဟလတွေကို အယုံကြည်မလွယ်ကြဖို့လည်း တိုက်တွန်းလိုက်ပါတဘ်။
ဖားကန့်မြို့နယ်မှာ အဆိုပါအမျိုးသမီး ဖားကန့်ပြည်သူ့ဆေးရုံကနေ ထွက်ပြေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိ လူနာ ထွက်ပြေးသွားတယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့နေတာပါ။
ဇော်မိုးထက် (ဖားကန့် )