ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ကျောက်တံခါးဒေသခံများ လယ်ယာမြေပြဿနာ ဆွေးနွေး
DVB
·
March 8, 2020
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်ကျေးရွာအုပ်စု သရက်ဆိမ်ကျေးရွာမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ဒေသခံတွေ တွေ့ဆုံပွဲမှာ လယ်ယာမြေပြဿနာတွေ အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက "အဓိကကတော့ မြေယာပြဿနာအတွက်လာခြင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်သူလူထုနဲ့ ဘယ်လိုပေါင်းစပ်ပြီး ဘယ်လိုအကောင်းဆုံဖြစ်အောင်ဆောင်ရွက်ကြမလဲ၊ ဟိုအစိုးရကြောင့်၊ ဒီအစိုးရကြောင့်လို့ လက်ညိုးတွေ ထိုးနေမဲ့အစား အကောင်းဆုံးဖြစ်အောင် ဘယ်လိုပေါင်းစပ်ပြီး လုပ်လို့လုပ်ကြမလဲဆိုတာပါပဲ။ မြေစားရင်းက မှားတယ်ဆိုရင် မြေစားရင်းကို ပြန်ပြင်ခိုင်းပါမယ်။ ပြောလည်း ပြောထားပြီးသားပါ" လို့ ပြောပါတယ်။
အဆိုပါတွေ့ဆုံပွဲကို ဒေသခံ ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြပြီး မြေယာပြဿနာအပြင် ဒေသဖွံ့ဖြိုးရေးနှင့်ပညာရေးကိစ္စရပ်တွေကိုလည်း ပြည်သူတွေက တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကျော်အောင် (ကညွတ်ကွင်း)