ရော်ဘာချေးငွေ စတင်ထုတ်ချေးပေးတော့မည်
DVB
·
March 8, 2020
ရော်ဘာကဏ္ဍဖွံဖြိုး တိုးတက်ရေးအတွက် ရော်ဘာထုတ်လုပ်မှု စရိတ်ချေးငွေတွေကို လာမယ့် ခြံဖွင့်ရာသီမှာ စတင်ထုတ်ပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။
မွန်ပြည်နယ်ဟာ ရော်ဘာ စိုက်ဧကပေါင်း ၅ သိန်းကျော်ရှိနေတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် ရော်ဘာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် နည်းပညာလိုအပ်ချက်အပြင် ချေးငွေတွေလည်း လိုအပ်နေတာပါ။
ဒီရော်ဘာ ထုတ်လုပ်မှု စရိတ်ချေးငွေကို ပုံစံ (၇) ထွက်ပြီးသာ တောင်သူတွေကို ချေးပေးမယ်ဆိုရင် ပြည်နယ်တဝှမ်းမှာ ပုံစံ (၇) ထွက်ထားတဲ့ ဧက ၄၅၀၀ လောက်သာ ချေးငွေ ရနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရော်ဘာစိုက်သူတွေ ချေးငွေရရှိအောင် အစိုးရအနေနဲ့ ပုံစံ (၇) မရှိတဲ့ သူတွေကို ပုံစံ (၇) ထွက်ရှိလာအောင် အရင်ဆုံး လုပ်ဆောင်ပေးသင့်တယ်လို့ မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ဒီဗွီဘီကို ပြောပါတယ်။
အခုအခါ မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍမှာ ကျွမ်းကျင် အလုပ်သမား ရှားပါးမှုတွေကြောင့် ရော်ဘာစိုက်ဧက ၅ သိန်းထဲမှာ ၂ သိန်းလောက်ဟာ အစေးခြစ်လုပ်ငန်း ရပ်နားထားကြတာ ဖြစ်ပါတယ်။