နယ်စပ်ဂိတ်ပိတ်လိုက်သဖြင့် ရေးမြို့နယ်တွင် ကွမ်းသီးဈေးကျဆင်း
DVB
·
March 8, 2020
မွန်ပြည်နယ် ရေးမြို့နယ်က ထွက်ရှိတဲ့ ကွမ်းသီးတွေဟာ အိန္ဒိယ-တမူး မြန်မာနယ်စပ်ဂိတ် ပိတ်လိုက်တာအပြင် ဒေါ်လာဈေးနှုန်းတွေပါ ကျဆင်းသွားတဲ့အတွက် ဈေးနှုန်းကျဆင်းသွားတယ်လို့ ရေးမြို့နယ်ထဲက ကွမ်းသီး အရောင်းအဝယ်ပြုလုပ်နေသူတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ ကွမ်းသီးတွေကို ပြည်တွင်း ရန်ကုန် ပွဲရုံကနေတဆင့် အိန္ဒိယ-တမူး မြန်မာ နယ်စပ်ဂိတ်ကို တင်ပို့နေရတာဖြစ်ပြီး လတ်တလောမှာတော့ အရောင်းအဝယ် ဈေးကွက် အေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဈေးကွက်အတွင်းမှာ ကွမ်းသီး တစ်ပိဿာကို ၄၅၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်အထိ ကျဆင်လာနေပြီး ရာသီဥတုဒဏ်ကြောင့် ကွမ်းသီးခြံအများစုကလည်း ကွမ်းသီး အထွက်နှုန်းတွေကျဆင်းခဲ့ရတယ်လို့ ကွမ်းသီးစိုက်တဲ့သူတွေက ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ ကွမ်းသီးစိုက် ဧကပေါင်း ၁ သိန်းနဲ့ ၂ သိန်းကြားမှာရှိနေပြီး တနှစ်ကို ရေးမြို့နယ်အတွင်းကနေ ကွမ်းသီးတင်ပို့မှု ပျမ်းမျှတန်ချိန် ၅ သောင်းဝန်းကျင် ရှိနေတယ်လို့သိရပါတယ်။
နေမျိုးထွဋ်