မော်တင်စွန်းဘုရားဖူးလာသည့် ယာဉ် ၁ စီး လမ်းဘေးထိုးကျ၊ ၃ ဦးဒဏ်ရာရ
DVB
·
March 8, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ မော်တင်စွန်းဘုရားပွဲကို လာရောက်တဲ့ ဘုရားဖူးကား ၁ စီး မတ်လ ၇ ရက်နေ့ ညနေပိုင်းက လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် ၃ ဦး ဒဏ်ရာရတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနရက တာဝန်ရှိသူကပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားဟာ ငါးသိုင်းချောင်း မြို့ကနေ မော်တင်စွန်းဘုရားပွဲကို လာရောက်တဲ့ ခရီးသည်တွေကို ဟိုင်းကြီးမြို့၊ ကျောက်ချောင်းကျေးရွာ သင်္ဘောဆိပ်မှာ တင်ဆောင်ပြီး မော်တင်စွန်းသို့ မောင်းနှင်လာစဉ် ခမောက်မော်ကျေးရွာ ညနေ ၆ နာရီလောက်မှာ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တာလို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင် က DVB ကိုပြောပါတယ်။
"ညနေပိုင်းလောက်ကဖြစ်တာ၊ ကျနော်တို့ မီးသတ် တပ်ဖွဲ့ဝင်တွေသွားပါတယ်၊ သိပ်ပြီးတော့ ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူး၊ ကားကိုလည်း သူတို့ ဘာသူတို့ ပြန်ဆွဲတင်မယ်ဆိုတော့ ကျနော်တို့တွေ ပြန်လာခဲ့ပါတယ် "လို.ပြောတာပါ။
လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ် မှာ ယာဉ်မောင်းအပါအဝင် ဘုရားဖူး ၁၂ ဦးလိုက်ပါလာပြီး ညနေ ၆ နာရီအချိန်လောက်မှာ ကျောက်ချောင်း ကျေးရွာအနီး ကားစီရာရင်တိုက်လော့ပြုတ်ထွက်ကာ တံတားလက်တန်းကိုတိုက်မိပြီး လမ်းဘေးထိုးကျခဲ့တာလို့ ဒေသခံ ဦးညီပုက ပြောပါတယ်။
"အဲ့ကားက ခရီးသည်လိုင်းဆွဲနေတာ၊ ခုလည်း သဘောင်္ဆိပ်ကနေ ခရီးသည်တွေတင်ပြီးထွက်လာတယ် ပြောတယ်၊ ဖြစ်တာက သူကရပ်ထားတဲ့ ကားကို ကျော်တက်လိုက်တာ အဲ့မှာအရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းကိုတိုက်မိပြီး လမ်းဘေးထိုးကျတာ။"
အဆိုပါဘုရားဖူးယာဉ် လမ်းဘေးထိုးကျခဲ့ပြီး ကားပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက် အမျိုးသမီး ၃ ဦး ဖူးရောင် ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့လို့ ကျောက်ချောင်းတိုက်နယ်ဆေးရုံကို ဒေသခံပရဟိတလူမှုကူညီရေးအသင်းကားတွေနဲ့ ပို့ဆောင်ခဲ့ရပါတယ်။
ဆေးရုံပို့ဆောင်ပြီး ဆေးကုသမှုခံယူခဲ့ရတဲ့ အမျိုးသမီး ၃ ဦးဟာ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိတာမလို့ ညပိုင်းမှာ ဆေးရုံကပြန်ဆင်းပြီး မော်တင်စွန်းဘုရားဖူးဖို့အတွက် ဆက်လက်ထွက်ခွာသွားတယ်လို့သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)