ချီလီတွင် အဓိကရုဏ်းနှိမ်နှင်းရေးကားကို ဆန္ဒပြသူများ မီးရှို့ဖျက်ဆီး
DVB
·
March 8, 2020
ချီလီနိုင်ငံမှာ မတ်လ ၆ ရက်က ရဲတပ်ဖွဲ့ရဲ့အဓိကရုဏ်းနှိမ်နှင်းရေးကားတစီးကို ဆန္ဒပြသူတွေက လောင်စာ ပုလင်းတွေနဲ့ ပစ်ပေါက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ရိုက်တာသတင်း ဖော်ပြချက်အရ မြို့တော်ဆန်တီယေဂိုမှာဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက လူစုခွဲတဲ့ ရေအမြောက် ကားတစီးကို မီးရှို့ခဲ့လို့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်လူစုခွဲနေတာကို တွေ့ရပါတယ်။
ချီလီဟာ မနှစ်က အောက်တိုဘာလကထဲက စပြီး အများပြည်သူသုံးပို့ဆောင်ရေးကဏ္ဍမှာ စရိတ်တွေကြီးမြင့်လာတာကို မကျေနပ်လို့ ဆန္ဒပြရာကနေ နောက်ပိုင်းမှာ ပင်စင်လစာတိုးမြှင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးတိုးတက်ရေးတို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်က သမ္မတ ဆီဘတ်စတီယန်-ပင်ညဲရာက အခြေခံဥပဒေ သစ်ကိုရေးဆွဲမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြုလုပ်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ဆန္ဒပြမှုတွေဟာ မကြာခဏဆိုသလို ဖြစ်နေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။