မြောင်းမြမြို့နယ်တွင် စက်လှေနစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံးနေ
DVB
·
March 8, 2020
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ မတ်လ ၇ ရက်နေ့ မနက်ပိုင်းက လူ ၃၀ လောက် လိုက်ပါ လာတဲ့ ကူးတို့စက်လှေတိမ်းမှောက်ခဲ့ပြီး ၃ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။
ရေငန်ကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာ ဆိမ်ကမ်းအမှတ် ၂ ကနေ အနောက်ဘက်ကမ်း ကြွက်နွယ်ချောင်းကျေးရွာသွားတဲ့ ကူးတိုရေယာဉ်ကို မန်းသာအေး(ခ) မန်းစပေါ် မောင်းနှင်ပြီး ခရီသည် ၃၀ လိုက်ပါလာတဲ့ ကူးတို့စက်လှေက ကုန်းသာမြစ်ကိုဖြတ်ကူးချိန်မှာ စက်လှေဦးပိုင်းကို ရေဝင်နစ်မြုပ်ခဲ့တာလို့ မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ပြောပါတယ်။
"၅ ယောက်ပျောက်ဆုံးနေတယ်လို့သိရတယ်၊ မြို့နယ်မီးသတ်က တပ်ဖွဲ့ဝင်တွေနဲ့ အနီးနားမှာရှိတဲ့ ရွာသားတွေတော့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။
လူ ၃၀ လိုက်ပါလာတဲ့ ကူတို့စက်လှေ နစ်မြုပ်ချိန်မှာ အသက် ၄၀ နှစ်အရွယ် ဒေါ်နန့်ငယ်ငယ် နှင့် ၎င်းရဲ့သားဖြစ်သူ အသက် ၄ နှစ်အရွယ် မောင်လင်းထက်ကျော်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်သင်းသင်းသွယ်၊ အသက် ၈ နှစ်အရွယ် မောင်သူရအောင်နဲ့ အသက် ၁၃ နှစ်အရွယ် မနန့်ချောကလျာတို့ဖြစ်ပြီး ပျောက်ဆုံးနေသူအားလုံးက ကျောင်းစုကျေးရွာမှာ နေထိုင်သူတွေလို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ကူးတို့ စက်လှေတိမ်းမှောက်ခဲ့မှုနဲ့ပတ်သက်ပြီး အသက် ၆၈ နှစ်အရွယ် မန်းသာအေး (ခ) မန်းစပေါ်ကို မြောင်းမြမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ပြောပါတယ်။
ပျောက်ဆုံးနေထဲ လူ ၅ ဦးထဲက အသက် ၄၀ နှစ်အရွယ် မနန့်ငယ်ငယ်၊ အသက် ၄၉ နှစ် အရွယ် ဒေါ်သင်းသင်းသွယ်နဲ့ အသက် ၁၃ နှစ်အရွယ် မနန့်ချောကလျာတို့ကို စက်လှေနစ်မြုပ်ခဲ့တဲ့ နေရာအနီးမှာပဲ ညနေပိုင်းမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီး ရင်ခွဲစစ်ဆေးဖို့အတွက် မြောင်းမြဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။
ပျောက်ဆုံးနေတဲ့ အသက် ၄ နှစ်အရွယ် မောင်လင်းထက်ကျော်နဲ့ အသက် ၈ နှစ်အရွယ် မောင်သူရအောင်တို့ တွေ့ရှိဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာက ရွာသူရွာသားတွေပူးပေါင်း ပြီးဆက်လက်ရှာဖွေနေတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျောက်ဆုံးနေသူ ၂ ဦးကို မီးသတ်တပ်ဖွဲ့နဲ့ ရွာသားပူးပေါင်းပြီး လှေနစ်မြုပ်တဲ့ အနီးတဝိုက် လိုက်လံရှာဖွေနေတယ်လို့ မြောင်းမြမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးခိုင်က ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)