Homeမြန်မာသတင်း
တောင်ကိုရီးယားပြန် မြန်မာကျောင်းသူ ၁၀ ဦးလုံး ကိုရိုနာဗိုင်းရပ်စ်မတွေ့ဟု ကျန်းမာရေးထုတ်ပြန်
တောင်ကိုရီးယားပြန် မြန်မာကျောင်းသူ ၁၀ ဦးလုံး ကိုရိုနာဗိုင်းရပ်စ်မတွေ့ဟု ကျန်းမာရေးထုတ်ပြန်
DVB
·
March 7, 2020
သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 စောင့်ကြည့်လူနာ ၂ ယောက်နဲ့ ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ကပြန်လာတဲ့ မြန်မာကျောင်းသူ ၁၀ ယောက်လုံးမှာ ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒီနေ့ညနေပေးပို့လာတဲ့ ဓာတ်ခွဲအဖြေတွေ အရ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှာ စောင့်ကြပ်ကြည့်ရှုကုသခံနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးမှာလည်း ရောဂါပိုးမတွေ့ဘူးလို့ ဆိုပါတယ်။
ကိုရီးယားနိုင်ငံက ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ ဒယ်ဂူးမြို့ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ မြန်မာနိုင်ငံသား ကျောင်းသူ ၁၀ ယောက်ကို ရန်ကုန် ဝေဘာဂီဆေးရုံကြီးမှာ သီးသန့်ထားပြီး ၁၄ ရက် စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ ဖျားတာ၊ မောပန်းတာ၊ ချောင်းဆိုးသွေးပါတာ စတဲ့လက္ခဏာတွေ ခံစားရလို့ ပုဂ္ဂလိကဆေးရုံတခုမှာ ကုသခဲ့ပြီး မတ် ၆ ရက်မှာတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ရောက်လာခဲ့တာပါ။
သူဟာ COVID-19 ရောဂါကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ခရီးသွားရာဇဝင်မရှိပေမယ့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာတွေ တွေ့ရလို့ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ပြီ သီးခြားထားကုသပေးသလို သူ့ဆီက ဓါတ်ခွဲနမူနာကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) ကို ပေးပို့စစ်ဆေးခဲ့တာပါ။ သူဟာ မတ် ၆ ရက် ညနေမှာ သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်ကတော့ မတ် ၅ ရက်မှာ တရုတ်နိုင်ငံ ရွှေလီကနေ မန္တလေးကိုသွားနေတုန်း လားရှိုးအရောက်မှာ အသက်ရှူကြပ် မောလာလို့ ည ၉ နာရီလောက်မှာ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ခဲ့ပါတယ်။
သူ့ကိုတော့ သံသယလူနာအဖြစ်သတ်မှတ်ပြီး သီးခြားထား ကုသဖို့ ဆောင်ရွက်ခဲ့သလို သူ့ဆီက ဓာတ်ခွဲနမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဆီကို ပေးပို့ စစ်ဆေးခဲ့ပါတယ်။ သူကတော့ မတ်လ ၅ ရက် ည ၉ နာရီ မိနစ် ၄၀ လောက်မှာပဲ နှလုံးကြီးတာ၊ နှလုံး ကောင်းကောင်းအလုပ်မလုပ်တာ၊ ဆီးချိုနဲ့ အဆုတ်ရောင်ရောဂါတို့ကို သေသေချာချာ မကုသ ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။