Home
မြန်မာသတင်း
သာစည်မြို့နယ်တွင် ကျပ်သိန်း ၁၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 7, 2020
မန္တလေးတိုင်း သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ မတ်လ ၆ ရက်က ကျပ်သိန်းပေါင်း ၁၁၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။ တောင်ကြီးဘက်ကနေလာတဲ့ ခရီးသည်တင်ယာဉ်ပေါ်ကနေ ဖမ်းမိတာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း မိတ္ထီလာခရိုင်ထဲမှာ အများဆုံး ဖမ်းမိတာလည်းဖြစ်ပါတယ်။ သာစည်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းမောင်က "ဟုတ်ပါတယ်။ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိပါတယ်။ ဒီစခန်းမှာပဲ အမှုဖွင့်တရားစွဲဆိုမှာပါ" လို့ ပြောပါတယ်။ တောင်ကြီးဘက်က ဆင်းလာတဲ့ ခရီးသည်တင် ကားပေါ်မှာပါလာတဲ့ ထောပတ်ပဲအိတ် ၄ အိတ်ကို X-Ray ရိုက်စစ်ဆေးရာမှာ မသင်္ကာဖွယ်ရာတွေ့ရလို့ ဖွင့်ဖောက်စစ်ဆေးရာမှ WY စာတန်းပါ လိမေ္မာ်ရောင်၊ ပန်းရောင်နဲ့ မိတ်ကပ်ရောင် စိတ်ကြွဆေးပြားတွေ တွေ့ခဲ့ရတာပါ။ စုစုပေါင်း စိတ်ကြွဆေးပြား ၃၈၀၀၀၀ ကျော်၊ ကာလတန်ဖိုး သိန်း ၁၁,၄၀၀ ကျော်နဲ့ ICE လို့ ယူဆရတဲ့ အဖြူရောင်အခဲ ၁ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀) စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁,၆၀၀ ကျော်ဖိုး ဖမ်းမိခဲ့ပါတယ်။  ဒါ့အပြင် အဆိုပါ မူးယစ်ဆေးတွေ ဖမ်းမိတဲ့ အိပ်စ်ပရက်စ်ကားနဲ့အတူ မလိုက်ခဲ့ဘဲ တခြားအိပ်စ်ပရက်စ်ကားစီးသွားတဲ့ စိတ်ကြွဆေးပြား တင်ပို့သူ မမိုးမိုးသန်ကို အမြန်လမ်းမကြီးမှာ ဖမ်းဆီးမိခဲ့ပါတယ်။  ဒါ့အပြင် အမှုမှာပါဝင်သူ ဦးညီသန်းဝင်းကို မင်္ဂလာဒုံ ညောင်ပင်မှတ်တိုင်နားမှာ စောင့်ဆိုင်း ဖမ်းဆီးမိခဲ့ပြီး ဆေးပြားတွေပါလာတဲ့ ကားမောင်းသူ သုတဆွေ (ခ) ဘိုဘို၊ အကူယာဉ်မောင်း ကောင်းစံဦး(ခ)ကျားကြီး၊ ယာဉ်နောက်လိုက် ရဲပိုင်စိုး စုစုပေါင်း ၅ ယောက်ကိုလည်း ဖမ်းမိထားတယ်လို့ သိရပါတယ်။ သူတို့ကို သာစည်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဥပဒေ၊ ရောင်းချ၊ သယ်ဆောင်၊ လွှဲပြောင်း၊ အားပေးကူညီမှု ပုဒ်မတို့နဲ့ အမှုဖွင့်ထားပါတယ်။ မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024