Home
မြန်မာသတင်း
ကျပ် ၉၃ ဘီလီယံကျော်ဖိုး မူးယစ်ဆေးများဖမ်းမိမှု လက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်နေဟု တပ်မတော်ပြော
ဇေယျာချမ်းအေး
·
March 7, 2020
ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာ ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့တဲ့ ငွေကျပ် ၉၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာ ကောင်းခါးပြည်သူ့စစ် အပါအဝင် လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့ပေါင်း ၁၇ ဖွဲ့ကျော် ရှိနေတာပါ။ ပြည်သူ့စစ်အဖွဲ့တွေဟာ နယ်မြေလုံခြုံရေးအတွက် တပ်မတော်ရဲ့ သဘောတူညီချက်နဲ့ လက်နက်ကိုင်ဆောင်ခွင့် ရှိနေပါတယ်။ ရှမ်းပြည်ရှေ့မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ကောင်းခါးကျေးရွာနဲ့ ကျေးရွာတချို့ အနီးနားကနေ ၂၀၂၀ ဇန်နဝါရီကနေ မတ်လဆန်းအထိ ၂ လကျော်အချိန်အတွင်း မူးယစ်ဆေး ငွေကျပ် ၉၃ ဘီလီယံကျော်တန်ဖိုး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ အခုလို ပိုင်ရှင်မဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတာဟာ ဒေသခံပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “ကောင်းခါးပြည်သူ့စစ်က ဦးမထုနော် ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေး ပထမဆုံးယူတဲ့ ကချင် ကေအိုင်အေအဖွဲ့ ဖြစ်ပါတယ်။ အခုကတော့ ကောင်းခါးမှာ အခြေပြုပြီးနေတာ ကြာပြီ။ သူတို့နဲ့ နီးစပ်တဲ့ နေရာဒေသမှာတွေ့လို့ ဒါတွေကို သူတို့လုပ်တယ်လို့ တပ်အပ်ပြောလို့မရဘူး။ သေချာတာတခုကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မူးယစ်ဆေးဝါးတွေနဲ့ကတော့ ရဲမှူးကြီး ရှင်းပြသလို တနည်းမဟုတ် တနည်း တိုက်ရိုက်မဟုတ်တောင် အကုန်လုံး ဆက်စပ် ပတ်သက်နေတာ။ အဲဒါကတော့ သေချာတယ်” လို့ ပြောပါတယ်။ ရှမ်းပြည်အရှေ့မြောက်ပိုင်းဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေရာပါ။ ရှမ်းလက်နက်အဖွဲ့ RCSS-SSA၊ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA အပါအဝင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ ကျင်လည်ရာဒေသ ဖြစ်ပါတယ်။ ဒီလိုအဖွဲ့အစည်းများစွာ ကျင်လည်နေတဲ့နေရာမှာ မူးယစ်ဆေးပြဿနာရဲ့ လက်သည်ပေါ်ဖို့ စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့တာကြောင့် အခုလို မူးယစ်ဆေး အမြောက်အမြား ဖမ်းဆီးရမိခဲ့တာလို့ ဒုတိယတပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီက ဆိုပါတယ်။ “သတင်းတည်ဆောက်ပြီး ခိုင်မာတာကြောင့် တပ်ဖွဲ့ဝင်တွေက နယ်မြေ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့လို့ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။” ရှမ်းပြည်အရှေ့မြောက်ပိုင်းဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာ ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်တင်ပို့ ရောင်းချတဲ့နေရာမှာ တရုတ်နိုင်ငံသားတွေ ပါဝင်နေတယ်ဆိုတဲ့ ယူဆချက်တွေ ရှိနေပါတယ်။ ဒါကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်တာဝန်ရှိသူတွေက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024