Live
Home
မြန်မာသတင်း
ယာဉ်တိုက်မှု သက်သေခံပစ္စည်း ဖျောက်ဖျက်သည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် တောင်းဆို
DVB
·
March 7, 2020
ယာဉ်တိုက်မှုဖြစ်စဉ်မှာ သက်သေခံပစ္စည်းဖြစ်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်တံဆိပ်ကို ဖျောက်ဖျက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ မော်လမြိုင်မြို့ ဒေါင်းဇရပ်မီးပွိုင့်မှာ မတ် ၄ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/PC အဖွဲ့မှ ဗိုလ်မှူးစောငွေကြည် မောင်းလာတဲ့ကားဟာ ဆိုင်ကယ်တစီးကိုတိုက်ပြီး ထွက်ပြေးလာတာကို ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ဗိုလ်မှူးစောငွေကြည် မောင်းလာတဲ့ ကားမှာ  တပ်ဆင်ထားတဲ့ သက်သေခံပစ္စည်းဖြစ်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ယာဉ်တံဆိပ်၊ ဆောက်လုပ်ရေးဌာန တံဆိပ်တွေကို ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့က သက်ဆိုင်ရာယာဉ်ထိန်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ပေမယ့် မတ် ၅ ရက်နေ့မှာ ဒီကတ်ပြားတွေ ပျောက်ဆုံးသွားခဲ့တာပါ။ ဒါကြောင့် ယာဉ်တိုက်မှု ဖြစ်စဉ်မှာ သက်သေခံပစ္စည်းဖြစ်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်တံဆိပ်ကို ဖျောက်ဖျက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းကက မတ် ၆ ရက်မှာ သတင်းစာရှင်းလင်းပြီး တောင်းဆိုလိုက်ပါတယ်။ “သက်သေခံပစ္စည်းကို ဖျောက်ဖျက်မှတော့ ပြည်သူပါဝင်မှု၊ ကျနော်တို့ပါဝင်မှုအနေနဲ့ကျတော့ ဘာထူးတော့မှာလဲ။ ကျနော်တို့က ဖမ်းပေးတယ်။ ရဲအလုပ်ကိုလည်း ကိုယ့်အလုပ်လို သဘောထားပြီး ကူညီဆောင်ရွက်ပေးတယ်။ အခုတော့ ရဲက သက်သေခံ‌ပစ္စည်းတွေ ဖျောက်ဖျက်တဲ့အတွက် ကျနော်တို့လည်း ပါဝင်တဲ့အတွက် အများကြီးလည်း နစ်နာတယ်။ ပိုပြီးတော့လည်း ဆုတ်ယုတ်တယ်။ မြို့အတွက်လည်း ဂုဏ်သိက္ခာကျပါတယ်။ ဒီလို အကျင့်ပျက်ဝန်ထမ်းတွေ ကျနော်တို့မြို့အပေါ်ရော၊ အစိုးရအပေါ်ရော သစ္စာစောင့်သိမှု မရှိဘူး။ အရေးကြီးတဲ့ သက်သေခံပစ္စည်းတွေကို ဖျောက်ဖျက်တဲ့ ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေရာကနေ ပြင်းပြင်းထန်ထန် ပြောချင်တယ်။” ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ သက်သေခံပစ္စည်းတွေကို ဘယ်တုန်းကမှ ယူဆောင်ခဲ့တာမရှိတဲ့အပြင် ရဲတပ်ဖွဲ့ကလည်း ယူပိုင်ခွင့် မပေးအပ်ထားတဲ့အတွက်ကြောင့် အခုကိစ္စရပ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မသော်တာက ဆိုပါတယ်။ “ကျမတို့က သူတို့ကို ယုံကြည်လို့ သက်သေခံပစ္စည်းတွေ အကုန်လုံးပုံပြီး အပ်လိုက်တာ။ ကျမတို့လည်း ယူပိုင်ခွင့်မရှိဘူးဆိုတာ သိတယ်။ တခု မေးချင်တာက ကယ်ဆယ်ရေးအဖွဲ့တွေ ယူသွားလား၊ ပျောက်သွားတယ် ဆိုတာက အဲဒီလို မတော်တဆဖြစ်တဲ့အချိန်မှာ ဒီပစ္စည်းတွေကို ကျမတို့ ယူပိုင်ခွင့်၊ သိမ်းပိုင်ခွင့်ရှိလား၊ သူတို့ကရော လက်ခံလား။” မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကတော့ အခုယာဉ်တိုက်မှု ဖြစ်စဉ်နဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်တံဆိပ်အတု တပ်ဆင်မောင်းနှင်မှုကို စုံစမ်းစစ်ဆေးနေပြီး ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောပါတယ်။ “အတုလုပ် ဆောင်ရွက်တယ်ဆိုတာတော့ အကြမ်းဖျင်း သိရတယ်။ ဒါကိုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးနေတဲ့အပိုင်းတွေ ရှိပါတယ်။ စိစစ်လို့ အတုဖြစ်တယ် သေချာရင် ဒါနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကနေ ထုတ်ပေးတဲ့ဌာနအနေနဲ့ တရားစွဲဆိုသွားဖို့ ရှိပါတယ်။” လက်ရှိမှာတော့ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ယာဉ်မောင်း ဗိုလ်မှူးစောငွေကြည်ကို မုပွန် နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ ၊ ၃၃၇ ၊ ၃၃၈ အပြင် လိုင်စင်မဲ့ယာဉ် အသုံးပြုမှု သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ဇော်လွင်ထွဋ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024