လင်ဂတ်ကို လူမျိုးရေးခွဲခြား ဆဲဆိုခဲ့သည့် ဖြစ်စဉ်အတွက် မန်ယူအသင်း စုံစမ်းစစ်ဆေး

မတ် ၆ ရက်နေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ဒါဘီအသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီး မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ပရိသတ်အုပ်စုတစုက လူမျိုးရေးခွဲခြားပြီး ဆဲရေးတိုင်းထွာခဲ့ကြတဲ့အပေါ် မန်ယူနိုက်တက်အသင်းက စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။  ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ နောက်ခံလူ လုခ်ရှော၊ တိုက်စစ်မှူးသစ် အီဂါလိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်အပြီး ယူနိုက်တက် ကစားသမားတွေ ပရိုက်ပါ့ခ်ကွင်းကနေ အသင်းဘတ်စ်ကားဆီ သွားရောက်ချိန်မှာ လင်ဂတ်ကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းဘက်က ဒီဖြစ်ရပ်အတွက် ဒါဘီအသင်းထံ အကူအညီတောင်းခံသွားမှာလည်း ဖြစ်ပါတယ်။  လူမှုကွန်ရက်ပေါ် ပျံနှံ့လာတဲ့ ဗွီဒီယိုဖိုင်တခုအရ ပရိသတ်အုပ်စုတစုဟာ လင်ဂတ်ကို အော်ဟစ်ဆဲဆိုခဲ့ကြပြီး ဒီရာသီအတွင်း ဂိုးသွင်းခြင်း၊ ဂိုးဖန်တီးခြင်း မပြုလုပ်နိုင်သေးမှုအပေါ် အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။  လက်ရှိအချိန်အထိ ဒီလိုမျိုး အော်ဟစ်ခဲ့သူတွေဟာ မန်ချက်စတာ ပရိသတ်တွေလား၊ ဒါဘီကောင်တီ ပရိသတ်တွေလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ ဒါ့အပြင် ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်အရ လူတဦးဟာ လင်ဂတ် ဘတ်စ်ကားပေါ် တက်နေစဉ် လူမျိုးရေး ခွဲခြားတဲ့ စကားလုံး သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။  ဒီဖြစ်ရပ်အပေါ် ဒါဘီအသင်းဘက်ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ယူနိုက်တက်အသင်း ပြန်လည်စိစစ်နိုင်ဖို့ စီစီတီဗွီ မှတ်တမ်း ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ဒါဘီရှိုင်းယား ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေကိုလည်း သတင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။  “ဒါဘီအသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ကြာသပတေးနေ့ ပွဲစဉ်အပြီး ကွင်းအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စကို သတိပြုမိခဲ့ပြီး ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေတယ်” လို့ ဒါဘီရှိုင်းယားရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up