Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစိုးရ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟုဆို
Aung Ko Latt
·
March 7, 2020
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တင်ပြတဲ့ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာပါ ကိန်းဂဏန်းတွေက မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဝေဖန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ တနှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို စစ်ကိုင်းတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။  အစီရင်ခံစာနဲ့ ပတ်သက်လို့ မတ်လ ၅ ရက်နေ့က အစည်းအဝေးမှာတော့ ကိုယ်စားလှယ် ၇ ဦးက အစီရင်ခံစာပါ အချက်အလက်တွေအပေါ်မှာ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။  ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကတော့ အစီရင်ခံစာမှာပါရှိတဲ့ ဆည်မြောင်းဦးစီးဌာနကနေ ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေးပေးဝေနိုင်မှု အခြေအနေတွေက မြေပြင်နဲ့ ကွဲလွဲနေကြောင်း ပြန်လည်ဆွေးခဲ့တာပါ။ ပုလဲမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇော်ထက်က “မှန်ကန်တဲ့ သတင်းအချက်အလက် ကိန်းဂဏန်းတွေရရှိမှသာ အားနည်းချက်၊ အားသာချက်တွေကို မှန်မှန်ကန်ကန် မြင်ရမှာပါ။ ဒါမှလည်း နောက်လာမယ့် ဘဏ္ဍာနှစ်မှာ ကဏ္ဍအလိုက် မူဝါဒတွေ၊ ရည်မှန်းချက်တွေ ချိန်ထိုးစဉ်းစားလုပ်ဆောင်နိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ မြေပြင်ရဲ့ ပကတိအခြေအနေတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ကိန်းဂဏန်းတွေကို ပုံသေမှတ်ယူ ယုံစားနေဦးမယ်ဆိုရင် ထင်သလောက် ခရီးမပေါက် မျှော်သလောက် ခရီးမပေါက် ဖြစ်နေဦးမှာပါ”လို့ အကြံပြုဆွေးနွေးခဲ့ပါတယ်။ ဆည်မြောင်းရေ အသုံးချမှုတွေနဲ့ပတ်သက်လို့ အစိုးရရဲ့ အစီရင်ခံစာမှာ ဆည်မြောင်းဦးစီးဌာနအောက်က ဆည်၊ ကန်၊ ရေလှောင်တမံ ၄၃ ခုကနေ စိုက်ပျိုးရေပေးဝေမှု ဧက ၅၆၈၁၈၅ ရှိတယ်လို့ ဖော်ပြထားပါတယ်။  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနကနေ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ၇၈၅၆ သန်းကျော် သုံးစွဲထားပါတယ်။  ဒီကိန်းဂဏန်းအချက်အလက်တွေကို အခြေခံကာ အသားတင် စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဝမ်းစာဖူလုံမှု၊ လူတဦးချင်းဝင်ငွေ စတဲ့ ကိန်းဂဏန်းတွေကိုလည်း တွက်ချက်ရတာ ဖြစ်တဲ့အတွက် အချက်အလက်တခု မှားရင် အားလုံး မှားသွားနိုင်တယ်လို့လည်း ဆိုပါတယ်။  ဒီဆွေးနွေးချက်နဲ့ ပတ်သက်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးကတော့ အစီရင်ခံစာ ပြုစုရာမှာ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများရဲ့ တင်ပြချက်တွေကို စနစ်တကျ ပြုစုထားရှိတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုမရှိစေရေး နောင်လာမယ့် အစီရင်ခံစာတွေမှာ အလေးထား ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ အစီရင်ခံစာအရ စစ်ကိုင်းတိုင်းမှာ ဆန်ဖူလုံမှု ၂၁၂ ရာခိုင်နှုန်း၊ ဆီဖူလုံမှု ၅၄၅ ရာခိုင်နှုန်း ရှိပြီး စီးပွားရေး တိုးတက်မှုမှာလည်း ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ လူတဦးချင်း ဝင်ငွေအနေနဲ့ တနှစ်ကို ၂၃ သိန်းနီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024