မင်းလှမြို့နယ်တရားရုံးက ဘင်္ဂါလီ ၁၅ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
DVB
·
March 7, 2020
မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ၁၅ ဦးကို မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက လဝက အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသက်မပြည့် ကလေးငယ်တဦးကိုတော့ လူမှုဝန်ထမ်းဌာနမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မင်းလှမြို့နယ် လဝက ဒုဦးစီးမှူး ဦးအောင်ပြည်စိုးက "တရားစွဲထားတဲ့ထဲက တယောက်က တစ်မှုနဲ့ ၁၄ ယောက်တစ်မှု ပေါင်း ၂ မှု အပြီးသတ် အမိန့်ချမှတ်ခဲ့တာပါ။ လဝက မှတ်ပုံတင်နည်းဥပဒေကို မလိုက်နာတဲ့အတွက် ၁၉၄၉ ခုနှစ် လဝက အက်ဥပဒေနဲ့ ပြစ်ဒဏ်မှတ်ခဲ့တာပါ။ ဘယ်သူ့ကိုမှ ချစ်ခြင်း မုန်းခြင်းမရှိဘဲ တာဝန်အရ ဆောင်ရွက်ရတာဖြစ်ကာ ပြစ်မှုကျူးလွန်သူတွေကိုလည်း စားရေးသောက်ရေးက အစစောင့်ရှောက်ပေးပါတယ်။“
ဒါ့အပြင် ပြစ်ဒဏ်ကျခံနေတဲ့ ဘင်္ဂါတွေ ပြစ်ဒဏ်လွတ်မြောက်ပါက မကွေးတိုင်းဒေသကြီးကနေတဆင့် ရခိုင်ပြည်နယ်ရှိ သက်ဆိုင်ရာ ဒေသကို ပြန်လည် လွှဲပြောင်းပေးတယ်လို့ ပြောပါတယ်။
အဆိုပါ ဘင်္ဂါလီတွေကို မင်းလှမြို့နယ် ရေနံမရဲစခန်းအပိုင်နယ်မြေထဲမှာ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မင်းလှမြို့နယ်ထဲမှာ အခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၄၆ ဦး ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
မင်းထီး