Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ်လျှောက်ရာတွင် ပညာရေးကင်းရှင်းကြောင်း ထောက်ခံချက်ယူရန် မလိုတော့
ရွှေအောင်
·
March 18, 2013
နိုင်ငံကူးလက်မှတ် ပတ်စပို့ လျှောက်ထားတဲ့အခါ ပညာရေးကင်းရှင်းကြောင်း ထောက်ခံချက်ရယူဖို့ မလိုတော့ဘူးလို့ သက်ဆိုင်ရာ အဆင်မြင့်ပညာဦးစီးဌာနက ပြောပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန အောက်မြန်မာပြည် တာဝန်ရှိသူတဦးက “အရင်ကတော့ နိုင်ငံကူးလက်မှတ်လျှောက်မယ်ဆိုရင် ပညာရေးကင်းရှင်းကြောင်း လျော်ပြီးမှ ထွက်ရတာပေါ့။ အဲဒါကို ပယ်ဖျက်လိုက်တာပါ။ ဖြေလျော့ပေးလိုက်တဲ့ သဘောပါပဲ။ အဲတော့ ပတ်စပို့လုပ်တဲ့အခါမှာ လွတ်လပ်သွားတာပေါ့။ သူတို့ဘာသာသူတို့ ပတ်စပို့ရုံး တန်းလျှောက်လို့ ရသွားပြီ” လို့ ပြောပါတယ်။ ၀န်ထမ်းတွေ ဌာနကလွှတ်တာမဟုတ်ဘဲ မိမိအစီအစဉ်နဲ့ နိုင်ငံခြားခရီးထွက်ရင်တော့ အရင်ကလို ဌာနက ခရီးထွက်ခွာခွင့်တောင်းခံပြီး သတ်မှတ်ထားတဲ့ လျော်ကြေးငွေပေးပြီးမှ ထွက်ခွာကြရမှာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်လုပ်ရင် လိုအပ်တဲ့ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ တို့လည်း မလိုတော့သလို၊ ပြည်ပထွက်ခွာခွင့် ဒီဖောင် (D-Form) လည်း လုပ်စရာမလိုတော့ဘူးလို့ သက်ဆိုင်ရာဌာနအသီးသီးက ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပညာရေးကင်းရှင်းကြောင်း မလိုတော့ဘူး ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာမှာ အခုလို ဖြေလျော့မှုတွေ ပြုလုပ်ပေးနေတာကို ကြိုဆိုလိုက်ပေမယ့် လိုအပ်ချက်တွေ ရှိနေသေးကြောင်း သတင်းဆောင်းပါးရှင် စည်သူအောင်မြင့် က ပြောပါတယ်။ “အဓိက သက်တမ်းတိုးတဲ့ကိစ္စကို သက်တမ်းတိုးတဲ့ပုံစံမလုပ်ဘဲနဲ့ အသစ်ပြန်လုပ်သလိုမျိုး လုပ်ခိုင်းတဲ့ကိစ္စက အခက်အခဲ အတော်ကြီးတယ်။ သက်တမ်းတိုးချင်တယ်ဆိုရင် စာအုပ်ကို ကိုင်သွားရတယ်၊ ပြီးရင် အသစ်ကနေ အစအဆုံး သွားလုပ်ရတယ်။ လုပ်တော့ ပတ်စပို့ရုံးမှာ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ပတ်စပို့သက်တမ်း အသစ်လုပ်တဲ့သူတွေ တနေ့တခြား တိုးပွားလာသလိုမျိုး၊ အဲဒီလူတွေအကုန်လုံးကလည်း သက်တမ်းစေ့သွားရင် လာပြီး တိုးရတယ်။ ဒီလူတွေကိုလည်း အသစ်တိုင်း လုပ်ခိုင်းတော့ ပတ်စပို့ရုံးကြီးက ဘယ်လောက်ကြီးအောင်လုပ်လုပ် ဘယ်တော့မှ မဆံ့ဘူးဖြစ်နေတယ်။ အဲနည်းနဲ့ လူတွေ အခက်အခဲတွေ့တယ်၊ ကျပ်တည်းတယ်။ ပြီးတော့ စာအုပ်ကို သူတို့ ရက် ၂၀ ကျော်ပြောရင်လည်း ရက် ၂၀ ကျော် သွားအပ်ထားတော့ ဒီကာလအတွင်း ဘာမှလုပ်လို့မရဘူး။ ခရီးထွက်ချင်လည်း ထွက်မရဘူး။ ပြဿနာတွေက အမြဲတမ်းရှိနေတုန်းပဲ။” နိုင်ငံကူးလက်မှတ် လုပ်လိုသူတွေဟာ မှတ်ပုံတင်နဲ့ မိသားစုသန်းခေါင်စာရင်း တင်ပြပြီး လုပ်ကိုင်နိုင်ပြီး ၂၁ ရက်ကြာ ချိန်းဆိုပြီးတဲ့နောက် နိုင်ငံကူးလက်မှတ် ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကိုတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖွင့်လှစ် လုပ်ကိုင်ပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024