ဒီမိုကရေစီကို သွားချင်သဖြင့် လွှတ်တော်ဆောက်ပေးခဲ့ဟု တပ်ကိုယ်စားလှယ်ပြော

ဒီမိုကရေစီကို သွားချင်လို့ လွှတ်တော်အဆောက်အအုံတွေဆောက်ပေးခဲ့တာလို့  တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ဆွေးနွေးမှု နောက်ဆုံးရက်ဖြစ်တဲ့ သတ္တမမြောက်နေ့မှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီသွင်က အခုလို ပြောတာပါ။ “နာယကြီးခင်ဗျာ ဟောဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့ပါသလဲ။ နာယကြီးခင်ဗျာ ဟောဒီအဆောက်အဦကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့ပါသလဲ။ ခမ်းနားကြီးကျယ်ပါသလား။ဒီအဆောက်အအုံအတွင်းမှာ ပါတီပေါင်းစုံပါဝင် ဆွေးနွေးနေကြတာဟာ ဒီမိုကရေစီအတိုင်း သွားနေကြတာပါ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှ မပါဘဲ ဒီမိုကရေစီခရီးလျှောက်လှမ်းနိုင်အောင် တပ်မတော်က တည်ဆောက်ပေးခဲ့တာပါ။ ဒါသက်သေပြရုပ် ပါပဲ။ ဒီမိုကရေစီကိုသွားချင်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ အေးအေးချမ်းချမ်း ခမ်းခမ်းနားနားဖြစ်အောင်လို့ တည်ဆောက်ပေးခဲ့တာ သက်သေပါပဲ” လို့ ဆိုပါတယ်။  အခုလို ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးကြတာမှာ တပ်မတော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်  တပ်မတော်ကို မီးစင်တစ်ခုနဲ့ တင်စားပြီး ဆွေးနွေးခဲ့ပါတယ်။  “ဘယ်လောက်ပဲ အသက်၊ သွေး၊ ချွေးတွေ ရင်နှီးပေးဆပ်ပြီး စေတနာထားလုပ်ပေးပေး Negative View နဲ့ ကြည့်နေရင်တော့ ဘယ်တော့မှ အကောင်းမြင်နိုင်မှာ မဟုတ်ပါဘူး။ အကူအညီပေးဖို့ ကမ်းတဲ့လက်ကို ဒုက္ခပေးဖို့ ကမ်းတဲ့လက်လို့ ထင်ခဲ့တဲ့သူဟာ မြန်မာ့သမိုင်းမှာ စောလူးမင်းအပြင် နောက်ထပ် မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံး လင်းပါစေတော့၊ အမြင်ရှင်းပါစေတော့၊ အမှောင်ခွင်းပါစေတော့ဆိုပြီး ထွန်းလင်းပေးလိုက်တာပါ။ ဒါကို မီးစင်ကြည့်ကနေရပါတယ်၊ မလွတ်လပ်ဘူး၊ မမျှတဘူး၊ မတရားဘူးလို့ ထင်နေကြရင်ဖြင့် မီးစင်ကို အထူးအခွင့်အရေးရနေတယ်လို့ ထင်နေ ပြောနေကြမှာပါပဲ။ ရှိပါစေတော့ မီးစင်ကတော့ အားလုံး အားလုံး ခလုတ်မထိ ဆူးမငြိစေဖို့အတွက် သူ့ရဲ့တာဝန်ဝတ္တရားအတိုင်း ဆက်လက်ထွန်းလင်းနေဦးမှာပါပဲ၊ တောက်ပနေဆဲ ဖြစ်မှာပါပဲ၊ အလင်းရောင်ပေးနေဦးမှာပါပဲ ” လို့ ပြောပါတယ်။ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးပူဂင်ကမ်းလျန်က တပ်မတော်အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အရင်က တိုင်းပြည်ကိုကယ်တင်ခဲ့သလို အခုလည်း ကယ်တင်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ ဒီလို ကယ်တင်တာမှာ သေနတ်၊ အသက်၊ သွေး၊ ချွေးတွေ မလိုဘဲ အန်အယ်လ်ဒီ တင်သွင်းထားတဲ့ ပြင်ဆင်ချက်ကို အမှန်ခြစ်ပေးရုံပဲလို့ ဆိုပါ တယ်။ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရည်မွန်ကတော့ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ခွင့် မရဘူးဆိုရင် ဒို့တာဝန် အရေး ၃ ပါးကို ထမ်းဆောင်လို့ မရနိုင်တော့ဘူးလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။  တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံမှာ သီးခြားသဘောဆောင်တဲ့အခွင့်အရေးတွေ ယူမထားလည်း တပ်မတော်ဟာ တပ်မတော် ပါပဲလို့ ပြောပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ငါတို့ပဲ တိုင်းပြည်ကို ချစ်တယ်၊ ငါတို့ပဲ တိုင်းပြည်ကို ကာကွယ်နေတယ်၊ ငါတို့ပဲ တိုင်းပြည်ကို တည်ဆောက်နေတယ်လို့ အထင်ရောက်နေသမျှ ပြည်သူ့ပုခုံးပေါ် တက်ထိုင်ဖို့ပဲ စဉ်းစားနေလိမ့်မယ် လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up