Home
မြန်မာသတင်း
ချင်းတွင်းသင်္ကြန်အပါအဝင် ပျော်ပွဲရွှင်ပွဲ၊ နတ်ပွဲများမကျင်းပရန် စစ်ကိုင်းတိုင်းအစိုးရဆုံးဖြတ် 
Aung Ko Latt
·
March 5, 2020
လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ နှစ်စဉ်ကျင်းပမြဲ ဘုရားပွဲ၊ နတ်ပွဲတွေအပါအဝင် ချင်းတွင်းသင်္ကြန်ပွဲနှင့် တခြားပျော်ပွဲရွှင်ပွဲတွေကို ကန့်သတ်ပိတ်ပင်ဖို့ တိုင်းအစိုးရက ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။  မကြာခင်မှာ ကျင်းပတော့မယ့် အညာဒေသရဲ့ အထင်ကရ နတ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်၊ ဇီးတောကျေးရွာက အမေရေယာဉ်နတ်ပွဲအပါအဝင် အလုံဘိုးတော်ကြီးပွဲ၊ အညာသီဟ ဘုရားပွဲတွေမှာ ဇာတ်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းမကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက "လုံးဝမကျင်းပရဘူးတော့ မဟုတ်ပါဘူး။ လူစုလူဝေး များများဖြစ်ပေါ်စေမယ့် ဇာတ်တွေ၊ အငြိမ့်တွေ၊ တခြားဟာတွေကို ပိတ်တာပါ။ အမေကြီးပွဲတင်မကပါဘူး။ အလောင်းတော်ကဿပကော၊ အညာသီဟတော ဘုရားပွဲကော အဲလိုပါပဲ။"လို့ ပြောပါတယ်။ အမေရေယာဉ်နတ်ပွဲက တပေါင်းလပြည့်နေ့ကနေ စတင်ကာ လပြည့်ကျော် ၈ ရက်နေ့ထိ ကျင်းပတာဖြစ်ပြီး အလုံဘိုးတော်ကြီးနတ်ပွဲက တပေါင်းလပြည့်ကျော် ၇ ရက်နေ့က စတင်ကာ လကွယ်နေ့ထိ ကျင်းပတာပါ။  အလောင်းတော်ကဿပ ဆွမ်းလောင်းပွဲကတော့ တပေါင်းလပြည့်နေ့မှာ ကျင်းပတာဖြစ်ပြီး ခင်ဦးမြို့နယ်က အညာသီဟတောဘုရားပွဲကတော့ တပေါင်းလဆန်း ၁၀ ရက်နေ့ကနေ လပြည့်နေ့အထိ ကျင်းပတာပါ။  ဒါ့အပြင် တပေါင်းလအတွင်းမှာ ကျင်းပတဲ့ တခြားပွဲတော်တွေလည်း ရှိပါသေးတယ်။ ဘုရားပွဲ၊ နတ်ပွဲနှင့် တခြားပျော်ပွဲရွှင်ပွဲတွေတင်မက တိုင်းအစိုးရအဖွဲ့ကနေ ဦးဆောင်ပြုလုပ်တဲ့ ချင်းတွင်းသင်္ကြန်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကျင်းပဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်။ လတ်တလောမှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့နေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 က နိုင်ငံပေါင်း ၈၁ နိုင်ငံမှာ လူပေါင်း ၁ သိန်းနီးပါး ရောဂါကူးစက်ခံထားရပြီး ၃၂၀၀ ကျော် သေဆုံးကာ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024