ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ တိုကျိုအိုလံပစ် ရွှေ့ဆိုင်းမည်မဟုတ်

Reuters
1.1K
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာတွေ ဆက်ဖြစ်နေပေမယ့် ၂၀၂၀ တိုကျို အိုလံပစ်ကို စီစဉ်ထားသလို ကျင်းပသွားမယ်လို့ အိုလံပစ်ဝန်ကြီးက မတ်လ ၅ ရက်မှာ ပြောလိုက်ပါတယ်။
တိုကျိုအိုလံပစ်ကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ပြောကြားခြင်းမရှိတဲ့အပေါ်မှာ သူ့အနေနဲ့ ၂၀၂၀ အိုလံပစ်ကို ဖျက်သိမ်းဖို့ မမျှော်လင့်ဘူးလို့ အိုလံပစ်ဝန်ကြီး ဆေးကို ဟာရှီမိုတိုက ပါလီမန်မှာ ပြောခဲ့ပါတယ်။
အိုလံပစ်ဝန်ကြီး ပြောကြားချက်ဟာ ဒီသီတင်းပတ်အစောပိုင်းက သူပြောခဲ့တဲ့ မှတ်ချက်နဲ့ အငြင်းပွားစရာ ဖြစ်စေပါတယ်။
အစောပိုင်းက အိုလံပစ်ဝန်ကြီးဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ပြက္ခဒိန်အတွင်း အချိန်ရွှေ့နိုင်တယ်ဆိုပြီး ပြောခဲ့တာပါ။
ဂျပန်နိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဟာ မတ် ၅ ရက်က ၁၀၃၆ ယောက်အထိ မြင့်တက်ခဲ့ပြီး ပထမနေ့ကထက် ၃၆ ယောက် မြင့်တက်ခဲ့ပါတယ်။
ဒါဟာ ဒီကနေ့အထိ တနေ့တာအတွင်း ကူးစက်ခံရသူ အရေအတွက် အများဆုံးဖြစ်တယ်လို့ NHK သတင်းက ဆိုပါတယ်။
ဒီလိုအမြန်ကူးစက်နေတာက တိုကျိုအိုလံပစ်ပြိုင်ပွဲကို စီစဉ်ထားတဲ့ ဇူလိုင် ၂၄ ရက်ကစပြိး ကျင်းပဖြစ်မလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်စေ ပါတယ်။
ဒါ့အပြင် တခြားအားကစားပွဲစဉ်တွေကတော့ ဗိုင်းရပ်စ်ကူးစက်တဲ့ သက်ရောက်မှုတွေကို ခံစားနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာမို့ ရှေ့လမှာ ကျင်းပမယ့် Asia Sevens ရပ်ဘီ ဖိတ်ခေါ်ပြိုင်ပွဲကို ဖျက်သိမ်းတယ်လို့ ဂျပန်ရပ်ဘီဘောလုံးအသင်းက မတ်လ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။