တူရကီကို လူသားချင်းစာနာမှုနှင့် လက်နက်ခဲယမ်းများ ကူညီပေးလိုဟု အမေရိကန်ပြော

Reuters / Yara Nardi
အမေရိကန်ဟာ နေတိုးမဟာမိတ်အဖွဲ့ဝင် တူရကီနိုင်ငံကို လူသားချင်းစာနာမှုအကူအညီနဲ့အတူ ခဲယမ်းမီးကျောက်တွေပါပေးဖို့ လိုလားတယ်လို့ ဒေသတွင်းဆိုင်ရာအမေရိကန် အထူး ကိုယ်စားလှယ် ဂျိမ်းစ်ဂျက်ဖှရီက ပြောပါတယ်။ တူရကီ-ဆီးရီးယားနယ်စပ် တူရကီနယ်စပ်မြို့ ဟာတေမှာ မတ် ၃ ရက်က ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းထဲမှာ တူရကီအစိုးရဟာ ရုရှားနဲ့ မတိုးသာ မဆုတ်သာ ထိပ်တိုက်တွေ့နေတာပါ။ တူရကီစစ်တပ်အတွက် အမေရိကန်လုပ် ပစ္စည်းကိရိယာတွေ အဆင်သင့်ဖြစ်နေတာ သေချာ အောင် အမေရိကန်အစိုးရက လုပ်မယ်လို့လည်း သူက ပြောပါတယ်။ ဆီးရီးယားနိုင်ငံ အိဒလစ်ဒေသထဲမှာ တူရကီနဲ့ မိတ်ဖက်သူပုန်တွေဟာ ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားအစိုးရတပ်တွေကို တိုက်ပွဲဝင်နေလို့ နယ်စပ်တ လျှောက် တိုက်ပွဲ ပြင်းထန်နေပါတယ်။ လတ်တလောလတွေအတွင်း လူ ၁ သန်းနီးပါး ဒေသတွင်းကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားရပါတယ်။ တူရကီအစိုးရက အမေရိကန်ရဲ့ဝေဟင်က မြေပြင်ပစ် ပက်ထရီရော့ ဒုံးကျည် ကာကွယ်ရေးစနစ်ကို သုံးခွင့် တောင်းခဲ့ဖူးပါတယ်။  ဒါပေမဲ့ မနှစ်က ရုရှားဆီကနေ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ခဲ့လို့ အမေရိကန်က ဒေါသထွက်ခဲ့ပါတယ်။ အမေရိကန်ဟာ ဆီးရီးယားနိုင်ငံထဲက လူတွေအတွက် လူသားချင်းစာနာမှု အကူအညီ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀၈ သန်း ပေးမယ်လို့လည်း မတ် ၃ ရက်နေ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up