A d v e r t i s e m e n t With Us

ကြေးနီစီမံကိန်း သပိတ်စခန်းများ ရုပ်သိမ်းလိုက်ကြပြီ

(ဓာတ်ပံု- ကုိေသာင်းပုလဲေြမ)
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းပေးရေး တောင်းဆိုဆန္ဒပြနေတဲ့ လက်ပန်းတောင်းတောင်ဒေသက သပိတ်စခန်း ၃ ခုကို မနေ့ညဦးပိုင်းက ဆန္ဒပြသမားတွေကိုယ်တိုင် ရုပ်သိမ်းလိုက်ကြပါတယ်။ ဆားလင်းကြီးမြို့နယ် စည်ပင်သာယာက ၃ ရက်အတွင်း သပိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ စာပေးပို့တောင်းဆိုပြီးနောက် ဆန္ဒပြသမားတွေဘက်က ဖယ်ပေးလိုက်တာလို့ နယ်မြေခံ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက ပြောပါတယ်။ “သပိတ်စခန်းတွေကို ၁၄ ရက်နေ့က စည်ပင်သာယာကနေ ဖျက်ရမယ်ဆိုတဲ့ သတိပေးပို့စာပေးထားတယ်။ မနေ့ည ၇ နာရီလောက်မှာ တုံရွာအနီးမှာရှိတဲ့ သပိတ်စခန်းကို ဖျက်လိုက်တယ်။ နောက် လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်မှာရှိတဲ့ သပိတ်စခန်းအားလုံးလည်း ဖျက်လိုက်ပြီ။” သပိတ်စခန်းတွေကို မီးခိုးဗုံးတွေနဲ့ နှိမ်နင်းလို့ မီးလောင်ဒဏ်ရာတွေရခဲ့ကြပြီးနောက် ရက်ပိုင်းအကြာမှာ ရွာသားတွေက တုံရွာထိပ်မှာ သပိတ်စခန်းဖွင့်ခဲ့ပြီး လွန်ခဲ့တဲ့သီတင်းပတ်ကမှ အင်ကြင်းတောင်နဲ့ လိပ်ခွံတောင်တွေပေါ်မှာ တက်ရောက်ပြီး သပိတ်စခန်းဖွင့်ခဲ့ကြပါတယ်။ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာထွက်ပြီးတဲ့နောက် ကော်မရှင်အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွာစဉ်တွေကို လှည့်လည်ပြီး ကော်မရှင်ပါ အချက်အလက်တွေကို ရှင်းပြခဲ့ရာမှာ ရွာသူရွာသားတချို့ရဲ့ ကန့်ကွက်အော်ဟစ်မှုကို ခံခဲ့ရပါတယ်။ အခုအခါ ကော်မရှင်အကြံပြုချက်ကို အကောင်အထည်ဖော်တဲ့ ၁၅ ဦးပါအဖွဲ့က လယ် ၁ ဧကကို ငွေကျပ် ၁၅ သိန်းနှုန်းနဲ့ လျော်ပေးနေပေမယ့် မယူတဲ့ ရွာသားတွေလည်းရှိနေတယ်လို့ မတင်မာဆွေက ရှင်းပြပါတယ်။ ဒီ ၁ ဧက ကျပ် ၁၅ သိန်းလျော်ကြေးကို ယူလိုက်ရင် အရင်က ၃ နှစ်စာ သီးနှံလျော်ကြေးရယူထားတဲ့ စာချုပ်ပျက်ပြယ်သွားပြီး ပိုက်ဆံယူသူတွေရဲ့ ယာမြေတွေဟာ ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ရဲ့ မြေပိုင်တွေ ဖြစ်သွားပြီဖြစ်တဲ့အတွက် လုပ်စားဖို့ မြေမကျန်ရှိမှာကြောင့် မယူကြတာလို့ ဆိုပါတယ်။ လယ်မြေယာမြေတွေကို လုပ်ကွက်ဖော်ပေးဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်အမတ်က လာရောက်ဆွေးနွေးရာမှာ ရွာသားတွေဘက်က လက်မခံဘူးလို့ ဆိုပါတယ်။ “လုပ်စားစေမယ်ဆိုတဲ့ သတင်းက ၀က်မှေးတို့၊ တုံတို့၊ ဆည်တည်းတို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်က ရှင်းလင်းပြောကြားပေးပြီး ဖြစ်တယ်။ ဒါပေမယ့် သူတို့တွေက အစားထိုးပေးတဲ့ လယ်ယာတွေကိုလည်း လုံးဝမလိုချင်ဘူး။ သူတို့ရဲ့မြေတွေကိုပဲ ပြန်လုပ်စားချင်တယ်ဆိုပြီးတော့ အဲဒါတွေကို ကန့်ကွက်ပြောနေတာပဲ။” ဆည်တည်းရွာဟောင်းမှာ မနေ့က ရွာသားတွေအစည်းအဝေးခေါ်ယူပြီး လာမယ့် ဧပြီလကျရင် သီးနှံလျော်ကြေးပေးတာ အချိန်စေ့ပြီဖြစ်တဲ့အတွက် ငွေထပ်မယူတဲ့ ရွာသားတွေအနေနဲ့ ကိုယ့်လယ်မြေကိုကိုယ် လွတ်လပ်စွာ လုပ်ကိုင်နိုင်တော့မယ့်အကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up