ရွှေကူမြို့နယ်တွင် သေဆုံးသည့်ဝက်များ PCV-2 ဗိုင်းရပ်စ်ရောဂါကြောင့်ဟု အတည်ပြု
DVB
·
March 5, 2020
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ဝက်တွေသေဆုံးမှုဟာ PCV-2 ဗိုင်းရပ်စ်ရောဂါကြောင့် ဖြစ်တယ်လို့ သက်ဆိုင်ရာက အတည်ပြုထုတ်ပြန်ပါတယ်။
ရွှေကူမြို့နယ်မှာ ဝက်တွေသေဆုံးမှုကြောင့် တိရစ္ဆာန်ဆရာဝန် ဒေါက်တာဆန်းဝင်းက ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်လ ၃ ရက်နေ့အထိ ရွှေကူမြို့ အပါအဝင် ကျေးရွာတွေကို ကွင်းဆင်းစစ်ဆေးပြီး ဝက်တွေကို ဆေးကုတာ၊ ကာကွယ်ဆေးထိုးတာတွေအပြင် ဝက်ခြံတွေကို ဆေးဖြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီနောက် သေဆုံးဝက်များရဲ့သွေးနဲ့ ကလီစာတွေကို မန္တလေးတိုင်းဒေသကြီး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခဲ့ရာ Porcine Circo Virus Type-2 (PCV-2) ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တယ်လို့ အတည်ပြုချက်ပြန်ကြားခဲ့တာပါ။
ရွှေကူမြို့နယ်မှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှစာရင်းအရ ဝက်ကောင်ရေ ၁၃၃၃၀ ကောင်ရှိပြီး ရောဂါကြောင့်သေဆုံးဝက်ကတော့ ကောင်ရေ ၂၀ ရှိပြီလို့သိရပါတယ်။ ကောင်ရေ ၆၀၃ ကောင်ကတော့ ကာကွယ်ဆေးထိုးထားပြီး လတ်တလောမှာ PCV-2 ဗိုင်းရပ်ကူးစက်မှုကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
အလားတူ ဝက်နားရွက်ပြာ အာဖရိက အပြင်းဖျားရောဂါတွေ မဖြစ်ပွားစေဖို့ မွေးမြူသူနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်နေ့က မိုးမောက်မြို့နယ်အတွင်းမှာလည်း ဝက်ကောင်ရေ ၂၀၀ လောက် ရုတ်တရက်သေဆုံးခဲ့ပါသေးတယ်။
သတင်း - မုန်းမုန်းမင်း