Homeမြန်မာသတင်း
စစ်ကိုင်းချည်မျှင်စက်ရုံ မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၄၂၀၀ ကျော်ရှိ၊ စက်ရုံမှူးကို အရေးယူ
စစ်ကိုင်းချည်မျှင်စက်ရုံ မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၄၂၀၀ ကျော်ရှိ၊ စက်ရုံမှူးကို အရေးယူ
Aung Ko Latt
·
March 4, 2020
စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ကျပ်သိန်း ၄၂၅၄ လောက် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက သိရပါတယ်။
စက်ရုံလုပ်ငန်းသုံး ဝါဂွမ်းတွေ အပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အလုပ်ရုံ ၁ ရုံ၊ ဖိုက်ဘာဝါဂွမ်းတန်း ၂၀၀၊ ပင်ပေါင်းစက် ၆ လုံး၊ ဒညင်းစက် ၄ လုံး၊ ချည်ငင်စက် အလုံး ၄၀၊ ချည်ကန်တော့ ၇ လုံး၊ ပင်ပူးစက် ၄ လုံး၊ ချည်ကျစ်စက် ၂၄ လုံး စတဲ့ စက်ပစ္စည်းကိရိယာတွေ မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ရဲတပ်သား ၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၅ ဦးမှာ မီးခိုးမွှန်လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါသေးတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၄၀၀ အပါအဝင် ရဲ၊ တပ်မတော်သား၊ ရဟန်း၊ ပြည်သူ စုစုပေါင်း ၂၀၀၀ ကျော် ဝိုင်းဝန်းပူးပေါင်းကာ မီးသတ်ယာဉ် ၂၃ စီး၊ ရေသယ်ယာဉ် ၁၈ စီး၊ ရေဂါလံ ၁၃၀၀၀၀ နဲ့ အချိန် ၄ နာရီ ဝန်းကျင်ကြာ ငြှိမ်းသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီမီးလောင်မှုက ၂၀၂၀ ပြည့်နှစ်အတွင်း စစ်ကိုင်းတိုင်းအနေနဲ့ ဆုံးရှုံးမှု အများဆုံး မီးလောင်မှုလည်း ဖြစ်ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ စက်ရုံမှူး ဦးမြင့်အုန်းကိုတော့ စစ်ကိုင်းမြို့မရဲစခန်းက (ပ)၂၉၂/၂၀၂၀၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။