Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းကို မတ်လ ၁၀ ရက်နေ့ လျှို့ဝှက်မဲပေးစနစ်ဖြင့် အတည်ပြု ဆုံးဖြတ်မည်
နေဖြိုးဝင်း
·
March 4, 2020
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့မှာ လျှို့ဝှက်မဲပေးစနစ်နဲ့ အတည်ပြုဆုံးဖြတ်မယ်လို့ ပြည်ထောင်စု လွှတ်တော်နာယကက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရသက်တမ်းမှာ ပြင်ဆင်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အဆုံးအဖြတ်ကို ရယူမယ့် အစီအစဉ်တွေကို ဒီကနေ့ မတ် ၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယကက တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က “ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နဲ့ သက်ဆိုင်တဲ့ ပုဒ်မခွဲ ၅၅ ခုပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယားကို အပိုင်း လေးပိုင်း ဆန္ဒမဲလက်မှတ် ၄ စောင်ခွဲခြားပြီး လည်းကောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ခုပါဝင်တဲ့ ဥပဒေမူကြမ်းရဲ့ ပြင်ဆင်ချက်ဇယားကို အပိုင်း ၅ ပိုင်း ဆန္ဒမဲလက်မှတ် ၅ စောင် ခွဲခြားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စုစုပေါင်း ဆန္ဒမဲလက်မှတ် ၉ စောင်အတွက် ပါဝင်မယ့် တစ်စောင်ချင်းစီမှာပါဝင်မယ့် ပုဒ်မ၊ ပုဒ်မခွဲတွေ အတွက် အသေးစိတ်နမူနာ ပုံစံတွေကိုလည်း ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက် တွေအတွက် အဆုံးအဖြတ်ရယူတာကို လေးကြိမ်နဲ့ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ) တွက် ငါးကြိမ်ခွဲပြီး ဆောင်ရွက်ဖို့ လျာထားပါတယ်။”လို့ ပြောပါတယ်။ ဒီလို အဆုံးအဖြတ်ရယူတဲ့နေရာမှာ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နဲ့အကြုံဝင်တဲ့ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)အတွက် ပြင်ဆင်ချက် နှစ်ခုရှိတဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ နှစ်ခုလုံးကို ဆန္ဒပြုရမှာဖြစ်ပါတယ်။  ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)ဟာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေရဲ့ အရည်အချင်း သတ်မှတ်ချက်ဖြစ်ပြီး ရွေးချယ်တင်မြောက်ခံရသူဟာ အနည်းဆုံးအသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က “ထူးခြားမှုတစ်ခုအနေနဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)မှာ အကြုံးဝင်တဲ့ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)အတွက် ပြင်ဆင်ချက်နှစ်ခုပါရှိပါတယ်။ ကိုယ်စားလှယ် တဦးချင်းအနေနဲ့ ပြင်ဆင်ချက်နှစ်ခုလုံးကို ဆန္ဒပြုရမှာဖြစ်ပါတယ်။ ပြင်ဆင်ချက်နှစ်ခုလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိခဲ့ရင် ထောက်ခံမဲပိုများတဲ့ ပြင်ဆင်ချက်ကို အတည်ပြုမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ပြင်ဆင်တဲ့ဥပဒေကြမ်းတွေကို အဆုံးအဖြတ်ရယူတာမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ တွေ ရွေးချယ်တင်မြောက်ပွဲကျင်းပတဲ့ပုံစံကို အခြေခံပြီး ဆန္ဒမဲလက်မှတ်နဲ့ လျှို့ဝှက်ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  အဆုံးအဖြတ်ရယူတဲ့ အစီအစဉ်မှာ လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့ ၈ ဖွဲ့ရဲ့ ဆောင်ရွက်မှုအပေါ် တစ်ဖွဲ့ကို လေးဦးနှုန်းနဲ့ ကြီးကြပ်စောင့် ကြည့်နိုင်ဖို့ ကိုယ်စားလှယ် ၃၂ ဦးရဲ့ အမည်စာရင်းကို နိုင်ငံရေးပါတီ၊ အစုအဖွဲ့အလိုက် တောင်းခံထားပါတယ်။  အမည်စာရင်းထဲမှာ အန်အယ်လ်ဒီပါတီက ၁၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ ကြံ့ခိုင်ရေးပါတီက ၅ ဦး၊ ရခိုင်အမျိုးသားပါတီ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၂ ဦး၊ တအာင်းပလောင် အမျိုးသားပါတီ ၁ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီက  ၁ ဦးတို့ ပါဝင်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024