ယူ ၁၉ နည်းပြရာထူးမှ နုတ်ထွက်ရန် စဉ်းစားနေဟု မြန်မာ့လက်ရွေးစင်ဟောင်း စန်းစန်းမော် ပြော 

မြန်မာအမျိုးသမီး ယူ ၁၉ အသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ အမျိုးသမီးလက်ရွေးစင် ဘောလုံးသမားဟောင်း စန်းစန်းမော်က ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းမှာ ၂၂နှစ်ကြာ ကစားခဲ့တဲ့ နောက်တန်းကစားသမား ဟောင်း စန်းစန်းမော်ဟာ နိုင်ငံဂုဏ်ဆောင်အားကစားသမားတဦးဖြစ်ခဲ့ပေမယ့် ခုအချိန်မှာတော့ သုဝဏ္ဏဘောလုံးကွင်းဝန်းထဲမှာ အကြော်စုံ၊ မုန့်ဟင်းခါးနဲ့ အအေးမျိုးစုံကို ရောင်းချပြီး အသက်မွေး ဝမ်းကျောင်းနေရပါတယ်။ အမျိုးသမီးယူ ၁၉ အသင်းရဲ့ လေ့ကျင့်ရေး နားထားချိန်မှာ ဆိုင်ဖွင့်ထားတာကြောင့် သင်္ကြန်အပြီး လေ့ကျင့်ရေးပြန်စချိန်မှာ အသင်းဆီကိုပြန်မသွားတော့ဘဲ စျေးဆက်ရောင်းဖို့အတွက် စဉ်းစားနေတာဖြစ်ပါတယ်။ စန်းစန်းမော်အနေနဲ့ ပြောပြလို့မရတဲ့ ပုဂ္ဂိုလ်ရေးရာ ပြဿနာတစ်ခုကြောင့် ဘောလုံးနည်းပြ ဘဝကနေ မုန့်ဟင်းခါး အကြော်စုံနဲ့ အအေးမျိုးစုံကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်အခု နည်းပြတယောက်က ဒီလိုမျိုးကြီးလုပ်နေတယ်ဆိုတဲ့ဟာက အခုချိန်မှာ ကျနော် ဒီကလေးတွေကိုသွားပြီးတော့ နည်းပြလုပ်မယ်ဆိုရင်တော့ ဒီကလေးတွေရဲ့စိတ်ထဲမှာလည်း ဒီအစီအစဉ်ကိုကြည့်ပြီး ဒါမျိုးတွေကို မြင်သွားပြီဆိုလို့ရှိရင်တော့ ကိုယ့်အပေါ်ကိုတမျိုး သူတို့သံသယ စိတ်တွေနဲ့ တခုခုဖြစ်မှာ ကျနော်စိုးရိမ်တယ်။ အဲဒီအတွက်တော့ ကျနော်ဒီလက်ရွေးစင်မှာ နည်းပြတယောက်လုပ်ဖို့ သင့်မသင့်၊ ကျနော်အခုဖြစ်ခဲ့တဲ့အဖြစ်ပျက်နဲ့ အခုကြုံနေရတဲ့ဘဝအတွက် လုပ်သင့်မလုပ်သင့် ကျနော် စဉ်းစားပါ့မယ်။ အဲဒါကတော့ ကျနော်ဒီပြိုင်ပွဲမတိုင်ခင်မှာ ကျနော် ဆုံးဖြတ်ချက်တခုတော့ ချပေးမှာပါ။ ”  စန်းစန်းမော်ဟာ မြန်မာလက်ရွေးစင်အသင်းနဲ့အတူ အာဆီယံအမျိုးသမီးချန်ပီယံ ၂ ကြိမ် ရယူနိုင်ခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်အများအပြားရယူနိုင်ခဲ့ပါတယ်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် အမျိုးသမီးဘောလုံးတာဝန်ခံ ဒေါ်မြတ်မြတ်ဦး ကတော့ လက်​ရွေးစင်ကစားသမားဟောင်း စန်းစန်းမော် ရင်ဆိုင်နေရတဲ့ ငွေကြေးပြဿနာ တွေကို ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားမယ် လို့ပြောပါတယ်။ သတင်း- လွှမ်းမိုးအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up